ရခိုင်ပြည်၊ ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်း ကာကင်းစခန်းဖြစ်သော ပြိုင်းစေ့ကေကျေးရွာရှိ အာရက္ခတပ်တော် AA က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်း သေဆုံးသွားကြောင်း ခိုင်လုံသော AA တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။ အင်အား ၁၀၀ ရှိသော ပြိုင်းစေ့ကေကျေးရွာရှိ စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် AA က အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ဖြစ်ပြီး အဆိုပါ သတင်းရင်းဖြစ်က ပြောသည်။


စစ်ကောင်စီ၏ အမှတ် ၃၂ ရဲတပ်ရင်းကို AA က ဝိုင်းရံပိတ်ဆို့ကာ နေ့စဉ် တိုက်ခိုက်နေပြီး ယခုရက်ပိုင်း တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ တပ်သား ၅၀ ဦးထက်မနည်းကို ရှင်းလင်းနိုင်ခဲ့သည်ဟု ပြောသည်။ AA တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက “အမှတ် ၃၂ ရဲတပ်ရင်း တောင်အောက်မှာရှိတဲ့ ပြိုင်းစေ့ကေရွာမှာ စစ်ကောင်စီဖက်က တပ်သား ၁၀၀ လောက်နဲ့ စခန်းချထားတယ်။ ကျနော်တို့ ဝင်တိုက်တော့ တပ်သား ၅၀ လောက်က သေဆုံးသွားပြီ။ နောက်ထပ် ၅၀ လောက် ကျန်နေသေးတယ်။ ကျောက်ဖြူမြို့ထဲရှိ စစ်ကောင်စီတပ်ရင်းတွေက စစ်ကူပေးဖို့ လုပ်ခဲ့ပေမယ့် ကျနော်တို့ ကြားဖြတ် တိုက်ခိုက်မှုတွေ ရှိနေပါတယ်” ဟု ပြောသည်။


ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း တစ်ခုနှင့်တစ်ခုမှာ စစ်ကူပေးပို့နိုင်ခြင်းမရှိစေရန် အာရက္ခတပ်တော် AA က အဘက်ဘက်မှ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။ “တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေပါတယ်။ စစ်ကောင်စီဖက်က နေပူရင် ဒရုန်းတွေနဲ့ အဓိက တိုက်ခိုက်နေတာ။ ကျနော်တို့ဘက်ကတော့ အကုန်လုံးက ဝိုင်းရံထားတယ်။ စစ်ကောင်စီဖက်က ဘာမှ လုပ်မရတော့ဘူး။ တိုက်ပွဲကတော့ သတိထားပြီး တိုက်နေရတယ်။ ကျနော်တို့ အရမ်းကြီး ထိုးစစ်ဆင်တာမျိုး မလုပ်သေးဘူး။ တရုတ်စီမံကိန်းတွေလည်း ရှိနေတော့ သတိတော့ ထားနေရတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် AA သည် ကျောက်ဖြူမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီ၏ နှမ်းဖဲတောင်တပ်စခန်း၊ မင်းတပ်တောင် တပ်စခန်းနှင့် လိပ်ခမော်တပ်စခန်းတို့ကို သိမ်းပိုက်ထားပြီး လက်ရှိတွင် အမှတ် ၃၂ ရဲတပ်ရင်းကို ဦးတည်တိုက်ခိုက်နေကြောင်း သိရသည်။

AA တပ်တွင်းသတင်းရင်းမြစ်က “တပ်စခန်းရှိတဲ့ရွာကို ကျနော်တို့ဖက်က အကုန်ဝိုင်းထားပြီးပြီ၊ သူတို့ကတော့ (စစ်ကောင်စီဘက်က) ထွက်ပေါက် ပိတ်နေပြီ။ ဒါပေမဲ့ စစ်ကောင်စီဖက်က ရိက္ခာတွေကိုတော့ ဒရုန်းလာချတယ်။ ၁၇ ရက်နေ့ တိုက်ပွဲမှာ ကျောက်ဖြူမြို့ထဲက စစ်ကူတစ်ခေါက်လာတယ်။ အဲ့ဒီမှာ ကျနော်တို့ဖက်က ကြားဖြတ်တိုက်တာ စစ်ကောင်စီတပ်သား အလောင်း ၁၀ လောင်း ရလိုက်တယ်။ လက်နက် ၁၀ လက် ရလိုက်တယ်” ဟုပြောသည်။ ကျောက်ဖြူတိုက်ပွဲကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ခုခံတိုက်ခိုက်နေသော်လည်း အာရက္ခတပ်တော် AA ဘက်က ဝိုင်းရံပိတ်ဆို့ထားခြင်းကြောင့် AA က စစ်ရေးအသာစီး ရရှိနေကြောင်းလည်း စစ်ရေးသုံးသပ်သူများက ပြောဆိုထားကြသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed