ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ မှာ မနေ့ကစလို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ စကခ(၁) လက်အောက်ခံ တပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်ချခဲ့တဲ့ရုပ်သံဗီဒီယိုကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဇွန်လ ၂၆ ရက် ဒီနေ့ ညနေက သတင်းထုတ်ပြန်ပါတယ်။

“ကျောက်မဲမှာက တပ်လေးခု ရှိတာပေါ့ ။ မြို့အဝင်မှာ အမြောက်တပ်ရှိတယ်။ အဲနေရာမှာက လူကိုမရှိတာ။ ၅၀၁၊ ၅၀၂ ရယ် စကခ(၁) ရယ်က တစ်ဆက်တည်းရှိတာ ကုန်းပေါ်မှာပေါ့။ လူအင်အားရော စိတ်ဓာတ်နဲ့ စစ်ကူပိုင်းပါ ကွာနေတော့ သိပ်ကြာကြာ တောင့်ခံနိုင်တဲ့ အခြေအနေတော့မတွေ့ဘူး”လို့ ရှမ်းပြည်အခြေစိုက် နိုင်ငံရေးအကဲခတ် တစ်ဦးကပြောပါတယ်။

ဒီနေ့မနက်ပိုင်း ၈ နာရီလောက်ကစပြီး ကျောက်မဲ လမ်းခွဲမှာရှိတဲ့ စစ်ကောင်စီ အမြောက်တပ်-၃၅၂ တပ်ရင်းအနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ဆေးရုံနဲ့ အမြောက်တပ်စခန်း နေရာတွေကို တော်လှန် ရေးတပ်ဖွဲ့တွေက ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။ ကျောက်မဲ ရဲစခန်းကိုလည်း TNLA နဲ့PDF ပူးပေါင်းအဖွဲ့တွေက ပူးတွဲတိုက်ခိုက်နေပြီး ရဲစခန်းနဲ့ တစ်ဆက် တည်းရှိတဲ့ ပန်ပေါလေး၊ ရန်ကင်းရပ်ကွက်နေရာတွေမှာ တိုက်ပွဲပြင်းထန်နေတုန်းပဲလို့ ဒေသခံတွေက ပြောပါ တယ်။

အခု TNLA က ထုတ်ပြန်တဲ့ဗီဒီယိုအပြင် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီနေ့ညနေအထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ကျောက်မဲမြို့မှာ နှစ်ရက်တာတိုက်ပွဲအတွင်း ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ခြောက်ဦး သေဆုံးခဲ့ပြီး ဆယ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed