ကွတ်ခိုင်မြို့ရှိ တရုတ်နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီတပ်က ယမန်နေ့ နိုဝင်ဘာ ၁၈၊ ၂၀၂၄ ည ၁၁ နာရီခွဲခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးအပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၄) ရှိ ဘုရားကျောင်းအနီး နေအိမ်တွင် လေယာဉ်ဗုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဘုရားကျောင်းဝင်းအတွင်းရှိ ကျောင်းသားနှင့် ဆရာစုစုပေါင်း ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံလူငယ်တစ်ဦးက ပြောသည်။
“တရုတ်ဘုရားကျောင်းနားကအိမ်တော့ အကုန်လုံးတစ်စစီဖြစ်သွားတာ၊ အိမ်မှာ အိပ်နေတဲ့ အမေနဲ့ ကလေးရယ်၊ အဘိုးတစ်ယောက်က ဆုံးသွားတယ်။ ဘုရားကျောင်းအနောက်မှာက ခြံဝင်းတစ်ခုတည်းမှာပဲ တရုတ်စာသင်ကျောင်းရှိတယ်။ အဲဒီကျောင်းမှာက တရုတ်စာဆရာနဲ့ ကလေးတွေရှိတယ်။ ဆယ်ယောက်ကျော်လောက် ဒဏ်ရာရထားတာရှိတယ်” ဟုပြောသည်။
သေဆုံးခဲ့သူများမှာ အသက် တစ်နှစ်ခွဲအရွယ်ကလေးနှင့်အတူ မိခင်တစ်ဦး၊ အသက် ၆၀ ခန့်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများတွင် အမျိုးသမီးအများဆုံးပါဝင်ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူများတွင် စိုးရိမ်ရသည့် လူနာ ခုနှစ်ဦးရှိနေပြီး ခြေထောက်နှင့် လက်များ ပြတ်တောက်ခဲ့သူများလည်းရှိကြောင်း မြို့ခံ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
“ဆေးရုံတက်နေတဲ့ အရေးကြီးလူနာထဲက ကလေးမတစ်ယောက်ကတော့ ခွဲစိတ်ခန်းဝင်ရတာတွေ ခြေကျိုး လက်ကျိုးတာတွေ ဖြစ်တယ်” ဟုပြော သည်။ စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံးတစ်လုံးကြဲချခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသည့်အရှိန်ကြောင့် ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းနှင့် ရပ်ကွက် (၂) ရှိ နေအိမ်မှန်များ ကွဲသွားကြောင်း သိရသည်။လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ် ဆယ်လုံးခန့်ရှိပြီး တရုတ်ဘုရားကျောင်းအနီး နေထိုင်သည့် ဒေသခံပြည်သူများ တိမ်းရှောင်သွားပြီဖြစ်ကြောင်း မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“အဲ့တစ်လုံးထဲနဲ့ တစ်ရပ်ကွက်လုံး တုန်ခါသွားပြီး တစ်ရပ်ကွက်လုံးနီးပါးက မှန်ရှိတဲ့ လူနေအိမ်တွေလည်း အကုန်ကွဲကြတယ်၊ ကျွန်တော့အိမ်ကလည်းကွဲတယ် ။ လုံးဝနေလို့မရတော့တဲ့အိမ်က ၁၀ အိမ်ရှိတယ်၊ ပြီးတော့ KBC ဘုရားကျောင်းကမှန်တွေတော့ ငါးပုံထဲက လေးပုံကွဲကုန်ပြီ။ ဒီမနက်တော့ အဲ့နားပတ်ဝန်းကျင်က တရုတ်တွေအကုန်နီးပါးလောက် အိမ်တိုင်းကားရှိတော့ တိမ်းရှောင်ကြကုန်ပြီ” ဟုပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် ကွတ်ခိုင်မြို့အထွက်ရှိ အခွန်ရုံးနှင့် မီးသတ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးများရှိသည့်နေရာများကို ဗုံးရှစ်လုံးခန့် ကြဲချတိုက်ခိုက်ခဲ့သဖြင့် TNLA တပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူတစ်ဦးသေဆုံးကြောင်း သိရသည်။
စစ်ကောင်စီတပ်က ကွတ်ခိုင်မြိုမစျေးကိုလည်း ပြီးခဲ့သည့် သြဂုတ်လ (၅) ရက်နေ့တွင် လေကြောင်းမှ လေးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူ ခြောက်ဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဈေးအတွင်းရှိဆိုင်ခန်းပေါင်းလေးရာကျော် မီးလောင်ပျက်စီးခဲ့သည်။
Hits: 0