ချင်းပြည်နယ် ဖလမ်း၊ မင်းတပ်နဲ့ ထန်တလန်မြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း ပြင်းပြင်းထန်ထန် ခုခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖလမ်းမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ နိုဝင်ဘာ ၉ ရက် မနေ့ကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖလမ်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီမနက် ငါးနာရီလောက်စပြီး ပေါက်ကွဲသံတွေ ကြားရတယ်ပေါ့။ ထိတွေ့မှု၊ အခုထိ မနားသေးဘူး။ နားရင်လည်း ကျွန်တော်တို့လည်း လွတ်ရာ နည်းနည်းရှောင်ရမှာပေါ့။ အစောင့်အဖြစ် ကျန်တဲ့ဟာလည်း ရှိတယ်။ ပြေးဖို့မလွယ်ကူတဲ့သူ၊ ဥပမာ လေဖြတ်ဝေဒနာသည်တွေပေါ့။ တခြားနေရာမှာ ရှောင်ရင်လည်း ပိုပြီး ဒုက္ခသည်ရောက်မယ်ဆိုတော့ ဒီမှာပဲ ကျန်ခဲ့မယ်ဆိုပြီး ရှိနေတဲ့ဟာတွေ ရှိပါတယ်”
ဖလမ်းမြို့သိမ်းတိုက်ပွဲဟာ အောက်တိုဘာ ၂၅ ရက်နေ့ကတည်းက စခဲ့တာပါ။ တိုက်ပွဲကြောင့်မြို့ခံ တစ်သောင်းခန့်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့ပေါ်မှာ ကျန်းမာရေးမကောင်းသူတွေ အပါအဝင် အိမ်အစောင့်အဖြစ် ကျန်နေသူ သုံးရာခန့်ပဲ ရှိနေတယ်လို့ ဆိုပါတယ်။ အလားတူ မင်းတပ်မြို့မှာလည်း စစ်ကောင်စီတပ်နဲ့ ချင်းညီနောင် ပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၉ ရက် မနေ့ညပိုင်းမှာ မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်လုပ်ပြီး လက်နက်နဲ့ ရိက္ခာဖြည့်တင်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်မြို့ခံတစ်ဦးက ပြောပါတယ်။
“အသံတွေလည်း ကြားရတယ်။ နှစ်ဖက်ထိတွေ့မှု ပုံစံအသံတွေ ကြားနေရတယ်။ အခုချိန်ကတော့ ညကတော့ လေယာဥ်တွေလည်း တောက်လျှောက် သွားနေတယ်ပေါ့နော်။ ရိက္ခာလည်း ချတယ်။ မနေ့ကဆိုရင် လေယာဥ်က သုံးခါသွားပစ်တာကိုး။ သုံးစင်းနဲ့ ညနေ လေးနာရီဝန်းကျင်၊ ခုနစ်နာရီဝန်းကျင်၊ ပြီးရင် ကိုးနာရီဝန်းကျင်တို့မှာ သုံးခါသွားပစ်တယ်”တိုက်ပွဲဖြစ်ချိန်မှာ မင်းတပ်မြို့ပေါ်က နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် တာဝန်ရှိသူက ပြောပါတယ်။
ထန်တလန်မြို့မှာလည်း စစ်ကောင်စီနဲ့ ချင်းအမျိုးသား တပ်မတော် (CNA) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်တို့ တိုက်ပွဲ ဆက်ပြီးပြင်းထန်နေတယ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ကစတဲ့ ထန်တလန် မြို့သိမ်းတိုက်ပွဲဟာ အချိန်သုံးလကျော်လာပြီး ထန်တလန်မြို့ပေါ်နဲ့ ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီ တပ်စခန်းတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
ထန်တလန် မြို့သိမ်းတိုက်ပွဲမှာ နိုဝင်ဘာ ၁ ရက်ကနေ ၈ ရက်နေ့အထိ စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ဆယ်ဦးထက်မနည်း သေဆုံးတယ်လို့ ချင်းတော်လှန်ရေး တပ်ဖွဲ့ဘက်က ပြောပါတယ်။ တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ထန်တလန်ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇဲရ် (Ram Zel) အပါအဝင် ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် နှစ်ဆယ်ကျော် သေဆုံးပါတယ်။
ချင်းညီနောင်အဖွဲ့ လှုပ်ရှားရာ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ တီးတိန် စတဲ့နေရာတွေကို အခုနှစ်မကုန်ခင် တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ရဲ့ ပြောခွင့်ရသူ ဆလိုင်းတင်မီထွဋ်က ပြောပါတယ်။ “ကျွန်တော်တို့ ၂၀၂၄ အတွင်းမှာ ကျွန်တော်တို့ ဖလမ်းမြို့သာမက CB (ချင်းညီနောင်တပ်ဖွဲ့ လှုပ်ရှားဒေသ) မှာ ရှိတဲ့မြို့တွေကို သိမ်းဖို့ရန်အတွက် ကြိုးစားနေတယ်။ ကြိုးစားနေတဲ့အချိန် ဖြစ်တယ်ပေါ့။ ၂၀၂၄ မကုန်ခင်မှာ မြို့သိမ်းနိုင်ဖို့ ကြိုးစားနေတဲ့ အခြေအနေဖြစ်ပါတယ်”
ချင်းပြည် နယ်ထဲက မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလနဲ့ ဆူခွာမြို့တွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်နဲ့ ဆမီးမြို့ကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။



Hits: 0