ချင်းပြည်နယ်မှာ ဆင်နွဲနေတဲ့ ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ CB Operation မှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နဲ့ GZA တို့ပါဝင်နေတယ်လို့ BNRA က နိုဝင်ဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က မင်းတပ်မြို့နဲ့ ဖလမ်းမြို့တို့မှာ CB Operation စစ်ဆင်ရေးကိုနိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဖော်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိ အချိန်ထိ မင်းတပ်ရော ဖလမ်းမှာပါ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။
ချင်းညီနောင်အဖွဲ့မှာ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)၊ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ PDF ဇိုလဲန်း၊ CDF မတူပီ တပ်မဟာ(၁)၊ MDF မာရာကာကွယ်ရေးတပ်တို့ပါဝင်ပါတယ်။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)က နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဆင်နွဲခဲ့တဲ့ ပုလဲမြို့သိမ်းတိုက်ပွဲမှာလည်း ချင်းညီနောင် စစ်ဆင်ရေး CB Operationနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
BNRA ဟာစစ်ဆင်ရေးစတင်ပြီး ၄၈ နာရီအတွင်း မြို့ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို မဟန့်တားနိုင်တာကြောင့် ပြန်လည် လက်လွတ်ခဲ့ရပြီး စစ်ကောင်စီဘက်က သုံ့ပန်း (၂၅) ဦး၊ လက်နက် ၂၁ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။
Hits: 0