မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာ ဆေးပေးခန်းကို ဒီမနက်ပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲ သတ်ဖြတ်လို့ ပြည်သူကို ဆေးဝါးကုသပေးနေတဲ့ ဆရာဝန်နဲ့ ဆရာဝန်ရဲ့ မိသားစု အပါအဝင် ၁၂ဦး သေဆုံးကာ ဒဏ်ရာရသူ ခြောက်ဦး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၂၂ ရက် မနက် ၉နာရီဝန်းကျင်မှာ စစ်အုပ်စုက နှမ်းခါးကျေးရွာ ဆေးပေးခန်းကို တိုက် လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲခံရချိန် ဆေးခန်းအတွင်း ဆေးကုသပေးနေတဲ့ ဆရာဝန် သေဆုံးသလို ဆရာဝန်ရဲ့ ဇနီးသည် ကိုယ်ဝန်သည်နဲ့ ကလေးတစ်ဦး၊ ဆေးကုသမှု ခံယူနေတဲ့ လူနာ မိသားစုဝင် သုံးဦး၊ လူနာ မြေးအဘွား နှစ်ဦးနဲ့ ဆေးခန်း ကူညီလုပ်ကိုင်ပေးသူ နှစ်ဦး၊ စုစုပေါင်း ၁၁ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။ လူကြီး ခြောက်ဦး၊ ကလေးသူငယ် ငါးဦးနဲ့ ကိုယ်ဝန်သည်ရဲ့ ရင်သွေးတစ်ဦး၊ စုစုပေါင်း ၁၂ ဦး သေဆုံးကာ ဒဏ်ရာရသူ ခြောက်ဦး ရှိတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ဆရာဝန် မိသားစု လေးဦး၊ ဆေးခန်းပြ မိသားစုသုံးဦး၊ ဆေးခန်းပြ မြေးအဖွားနှစ်ဦး၊ စိစစ်ဆဲက နှစ်ဦး၊ စုစုပေါင်း(၁၁)ဦး၊ ဆရာဝန်မိန်းမ ဗိုက်ထဲက ကလေးပါတွက်ရင် ကလေးလေးက ခြောက်ဦး သေဆုံးတာ ဖြစ်ပါတယ်” နှမ်းခါးကျေးရွာ အနီး တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ အကြောင်းမဲ့ လာ ရောက်ကာ ဆေးခန်းမှာ ဆေးကုသပေးနေတဲ့ ဆရာဝန်နဲ့ လူနာတွေကို ဗုံံးကြဲ သတ်ဖြတ်တာ ဖြစ်တယ်လို့ ပြောပါတယ်။
နှမ်းခါးကျေးရွာဟာ အိမ်ခြေ ထောင်ချီ ရှိတဲ့ ကျေးရွာကြီး ဖြစ်ပြီး ဂန့်ဂေါနယ် မြောက်ပိုင်း၊ မကွေး- ကလေး ကားလမ်းမကြီးဘေးမှာ တည်ရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက နှမ်းခါးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီး လို့ ရွာရဲ့ သုံးပုံ နှစ်ပုံကျော် မီးလောင်ပြာကျခဲ့တဲ့ ကျေးရွာ ဖြစ်သလို စစ်အုပ်စုက အကြိမ်ကြိမ် လေကြောင်းတိုက်ခိုက်တာ ကျေးရွာအတွင်း စီးနင်းဝင်မွှေ၊ လူသတ်၊ လုယက်၊ မီးရှို့တာတွေကြောင့် နှမ်းခါးကျေးရွာသူ ကျေးရွာ သား ၆၀ ခန့် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုနဲ့ပျူတွေက နှမ်းခါးကျေးရွာကို စီးနင်းလုယက်၊ လူသတ်၊ အကြမ်း ဖက် နေလို့ ဒေသခံတွေ ရွာမှာ မနေရဲဘဲ ထွက်ပြေးနေရပြီး လက်ရှိမှာ တိုက်ပွဲတွေ ငြိမ်သက်နေတာကြောင့် ကျေးရွာအတွင်း ပြန်လည် ဝင်ရောက် နေထိုင်ချိန် အခုလို တိုက်လေယာဉ်နဲ့ ဗုံးကြဲ သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။ လက်ရှိမှာ စစ်အုပ်စုရဲ့ လေကြောင်းရန်ကို ကြောက်ရွံ့လို့ နှမ်းခါးကျေးရွာ အပါအဝင် ထယ်လှော်၊ မွေ့လယ်၊ ရဲလှ၊ ချောင်းခွ၊ တောင်ခရမ်း၊ ရွှေဘို၊ သင်တော၊ အလယ်ရွာ၊ ရွာမ စတဲ့ ကျေးရွာတွေက ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ အကူအညီ ပေးသူတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ယခုရက်ပိုင်း အရပ်သားပြည်သူ နေထိုင်ရာ မြို့ရွာတွေကို ထင်တိုင်းကျဲ ဗုံးကြဲ သတ်ဖြတ် နေပြီး မတ်လ ၁၄ရက်နောက်ပိုင်း တစ်ပါတ်ကျော်အတွင်း မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာကို နှစ်ကြိမ်၊ ရှမ်းမြောက်ဒေသ၊ နောင်ချိုမြို့၊ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို တစ်ကြိမ်၊ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အလယ်ဘန်းရွာတွေကို တစ်ကြိမ်၊ တိုက်လေယာဉ်နဲ့ ဗုံးကြဲ ပစ်ခတ် သတ်ဖြတ်ရာ ရဟန်းသံဃာ၊ ကိုရင်ငယ်၊ ကလေးသူငယ်နဲ့ စစ်ရှောင်ပြည်သူတွေ အပါအဝင် ၅၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ ၁၀၀ နီးပါး ရှိခဲ့ပါတယ်။
၂၀၂၄ စက်တင်ဘာကနေ ဒီဇင်ဘာလအထိ လေးလတာကာလ ၁၂၂ ရက် အတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်းဗုံးကြဲသတ်ဖြတ်မှု တစ်ရက်ကို ခုနှစ်ကြိမ်နှုန်းနဲ့ စုစုပေါင်း ၈၆၅ ကြိမ် ကျူးလွန် ခဲ့ပြီး ဗုံးဒဏ်ကြောင့် အရပ်သားပြည်သူ ၄၇၅ ဦး သေဆုံးကာ ၁၀၁၃ ဦး ဒဏ်ရာရတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့ တစ်ခု ဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြုစုထုတ်ပြန်ထားပါတယ်။



Hits: 0