ဂါဇာကမ်းမြောင် ဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု မြောက်၊မမြောက် စုံစမ်း စစ်ဆေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပါတယ်။ ဒါဟာ ဂါဇာမှာ အစ္စရေးရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်း စစ်ဆေးရေး ပုပ်ရဟန်းမင်းကြီးရဲ့ ပထမဆုံး လူသိရှင်ကြား တိုက်တွန်းမှု ဖြစ်ပါတယ်။ ဂါဇာနဲ့ လက်ဘနွန်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ လူ့ကျင့်ဝတ်နဲ့ ကိုက်ညီမှု မရှိသလို ကျိုးကြောင်း ဆီလျော်မှုမရှိဘဲ အစ္စရေး စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ စစ်ပွဲဥပဒေတွေထက် ကျော်လွန်နေတယ်လို့ ပုပ်ရဟန်းမင်းကြီးက စက်တင်ဘာလအတွင်းမှာ ပြောကြားခဲ့ထားပါတယ်။
“လုံးဝ ကွယ်ပျောက်မသွားမယ့် မျှော်လင့်ချက်များ၊ ပိုကောင်းမွန်တဲ့ ကမ္ဘာဆီသို့ သွားမယ့် ဘုရားဖူးများ”လို့ အမည်ပေးထားတဲ့ ဟာနန် ရီးယပ်စ် အယ်လ်ကိုင်ဒီ ရေးသားပြီး ပုပ်ရဟန်း မင်းကြီးနဲ့ တွေ့ဆုံမေးမြန်းမှုတွေကို အခြေခံထားတဲ့ စာအုပ်ထဲမှာ အဲဒီလို ပြောဆိုထားတာပါ။ အဲဒီ စာအုပ်ကို ပုပ်ရဟန်းမင်းကြီးရဲ့ ၂၀၂၅ နှစ်ပတ်လည်အခမ်းအနား မတိုင်ခင် နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ဝေ ဖြန့်ချိဖို့ရှိပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ နှစ်ပတ်လည် အခမ်းအနား ကျင်းပချိန် ထူးမြတ်တဲ့နှစ်အတွင်း ရောမသို့ ကမ္ဘာတဝန်းက ဘုရားဖူး သန်း ၃၀ ကျော်လောက် လာရောက်မယ်လို့ မျှော်လင့်ရပါတယ်။
ကျွမ်းကျင်သူ တချို့ရဲ့ အဆိုအရ ဂါဇာမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေမှာ လူမျိုးတုန်း သတ်ဖြတ်နေတယ်ဆိုတဲ့ လက္ခဏာတွေ တွေ့ရကြောင်း ကြားသိရတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားကြောင်း အီတလီ နေ့စဉ် သတင်းစာ La Stampa ရဲ့ အဲဒီ စာအုပ်ထဲက ကောက်နုတ် ဖော်ပြချက်မှာ ဖော်ပြထားပါတယ်။
ဒီလုပ်ရပ်တွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု မြောက်၊ မမြောက် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တရားသူကြီးတွေက စုံစမ်း စစ်ဆေးပြီး ဆုံးဖြတ်သင့်တယ်လို့ ဖရန်စစ်က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ပုပ်ရဟန်းမင်းကြီးဟာ အစ္စရေး ဓားစာခံတွေရဲ့ မိသားစုတွေ၊ စစ်ပွဲနဲ့ ကြုံခဲ့ရတဲ့ ပါလက်စတိုင်းသားတွေနဲ့ သီးခြား တွေ့ဆုံခဲ့ပြီး ဗာတီကန် သံတမန်တွေ များသောအားဖြင့် သုံးနှုန်းလေ့ မရှိတဲ့ အကြမ်းဖက် တိုက်ခိုက်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှု စတဲ့ အသုံးအနှုန်းတွေနဲ့ ပြောဆိုခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ အစ္စရေး တောင်ပိုင်းသို့ ဂါဇာက ဟားမာ့စ် လက်နက်ကိုင် အဖွဲ့ ဝင်ရောက် တိုက်ခိုက်ပြီး ဓားစာခံတွေ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် အစ္စရေးက ဂါဇာမှာ နှစ်နဲ့ချီပြီး စစ်ဆင်ရေးတွေ ပြုလုပ်နေပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၃၀၀၀ ကျော် သေဆုံးခဲ့ရပြီး အရပ်သားတွေနဲ့ တိုက်ခိုက်ရေးသမားတွေကြား ခွဲခြားမှု မရှိဘဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဂါဇာ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
ဂါဇာရှိ အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးမှာ လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲချက်တွေ၊ ငြင်းဆိုမှုတွေ၊လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွဲချက်တွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။
Hits: 0