‘စစ်ပွဲပြီးသွားပြီ’လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။ ဂါဇာ ပဋိပက္ခနဲ့ ပတ်သက်ပြီး အမေရိကန်က ထဲထဲဝင်ဝင် ပါဝင် ညှိနှိုင်းပေးခဲ့တဲ့နောက် အခုရလဒ်ကို ထရမ့်က အောက်တိုဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ၂ နှစ်ကျော်ကြာအောင် စစ်ခင်း တိုက်ခိုက်နေတဲ့ ဟားမားစ် ပြောက်ကျားတပ်ဖွဲ့နဲ့ အစ္စရေးတို့ဟာ ထရမ့်က ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်တွေကို လက်ခံ သဘောတူခဲ့တဲ့နောက် ထရမ့်ဟာ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲတစ်ခု တက်ရောက်ဖို့ အရှေ့အလယ်ပိုင်း ဒေသကိုလည်း ထွက်ခွာခဲ့ပါတယ်။
ဆွေးနွေးမှုတွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လျင်လျင်မြန်မြန် တိုးတက်လာခဲ့တဲ့နောက် အောက်တိုဘာ ၁၃ ရက်နေ့မှာပဲ ဟားမားစ်ဆီကနေ အစ္စရေး ဓားစာခံတွေကို စပြီး လွှတ်ပေးလာဖွယ် ရှိနေပါတယ်။ ဟားမားစ်ဟာ ဓားစာခံတွေ ပြန်လည် လွှဲပြောင်းပေးရေး ကိစ္စကို စတင် ပြင်ဆင်နေပြီလို့လည်း သိရပါတယ်။ အပြန်အလှန် အနေနဲ့ အစ္စရေးကလည်း ပါလက်စတိုင်း အကျဉ်းသား ၂,၀၀၀ လောက်ကို လွှတ်ပေးမှာပါ။
ဒါပေမဲ့ အောက်တိုဘာ ၁၂ ရက်နေ့ ညပိုင်းထိ နောက်ဆုံး အပြီးသတ် သဘောတူညီမှု ရရှိရေးမှာ ညှိနှိုင်းဖို့ မပြတ်ဘဲ ကျန်နေတဲ့ ကိစ္စတစ်ခု ရှိနေတယ်လို့ ဟားမားစ် သတင်းရင်းမြစ် နှစ်ဦးက ပြောပါတယ်။ အဲဒါကတော့ အစ္စရေး အနေနဲ့ ပါလက်စတိုင်း ခေါင်းဆောင် ၇ ဦးကို လွှတ်ပေးရမယ်လို့ ဟားမားစ်တွေက အခိုင်အမာ တောင်းဆိုနေတာပါပဲ။ ထရမ့်ကတော့ ဝါရှင်တန်ကနေ ထွက်ခွာချိန်မှာ သတင်းထောက်တွေကို ယုံကြည်မှု အပြည့်နဲ့ ‘စစ်ပွဲပြီးသွားပြီ’ဆိုတဲ့ စကားကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ သိပ်ကိုထူးကဲတဲ့တစ်ခု ဖြစ်လာမှာလို့လည်း ထရမ့်က ဆိုခဲ့ပါတယ်။
ထရမ့်ဟာ အစ္စရေးမှာ ခရီးတစ်ထောက်နားပြီး အစ္စရေး လွှတ်တော်မှာ မိန့်ခွန်းပြောမယ်လို့ ယူဆရပါတယ်။ အဲဒီနောက် သူဟာ အီဂျစ်နိုင်ငံဆီ ခရီးဆက်ပြီး သူ့ရဲ့ ဂါဇာ ငြိမ်းချမ်းရေး အစီအမံကို ထောက်ခံကြတဲ့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေနဲ့ အစည်းအဝေးလုပ်မှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အကြီးအကဲ၊ ဗြိတိန်၊ အီတလီ၊ စပိန်၊ ပြင်သစ်နဲ့ ဂျော်ဒန်တို့လို နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေလည်း အစည်းအဝေး တက်ကြမယ်လို့ သိရပါတယ်။
ထရမ့်က ဂါဇာမှာ စစ်ပွဲပြီးသွားပြီလို့ ကြေညာပေမယ့် သူ့ရဲ့ အမာခံ မဟာမိတ်ဖြစ်သူ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ အစ္စရေးရဲ့ တိုက်ပွဲဟာ အဆုံးမသတ်သေးဘူးလို့ မှတ်ချက်ပေးသွားပါတယ်။ အတူပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် ထူးကဲခမ်းနားလှတဲ့၊ တစ်ကမ္ဘာလုံး အံ့ဩလေးစားခဲ့ရတဲ့ အောင်ပွဲတွေကို ရရှိခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပဲ သူ့အနေနဲ့ သေချာပြောချင်တာက တိုက်ပွဲက အဆုံးမသတ်သေးဘူး ဆိုတာဖြစ်ကြောင်း နေတန်ညာဟုက ဆိုပါတယ်။
သူက သမ္မာကျမ်းစာလာ အဆိုတစ်ရပ်ကိုလည်း ကိုးကားခဲ့ပြီး ဒါဟာ စိတ်လှုပ်ရှားစရာ ညနေခင်းတစ်ခု ဖြစ်ကြောင်း၊ မျက်ရည်တွေနဲ့ ပျော်ရွှင်မှုတွေ ပြည့်နှက်နေတဲ့ ညနေခြင်းဖြစ်ကြောင်း၊ မနက်ဖြန်ဆိုရင် အစ္စရေးရဲ့ သားသမီးတွေက အစ္စရေးရဲ့ ပိုင်နက်ထဲ ပြန်ရောက်လာတော့မှာမို့ဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။
အစ္စရေး စစ်တပ် အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး အီယေးလ် ဇာမားကလည်း ဂါဇာစစ်ပွဲမှာ အစ္စရေးက အောင်ပွဲခံနိုင်ခဲ့တယ်လို့ ကြွေးကြော်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်တာအတွင်း အစ္စရေးက စစ်ရေးအရ ဖိအားပေးနိုင်ခဲ့တာတွေ၊ သံတမန်ရေးအရ ဟန်ချက်ညီညီ ထိုးနှက်ခဲ့တာတွေကို ကြည့်ရင် ဟားမားစ်အပေါ် အောင်ပွဲရခဲ့မှန်း မြင်သာနိုင်ကြောင်း သူက ဆိုပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့ အရေးအကြီးဆုံး ကနဦး အစိတ်အပိုင်းအဖြစ် ဟားမားစ်ဟာ ၂၀၂၃ ခုနှစ်၊ အောက် တိုဘာ ၇ ရက်နေ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုအတွင်း ဖမ်းဆီးသွားခဲ့တဲ့ အစ္စရေး ဓားစာခံတွေထဲက နောက်ဆုံးလက်ကျန် ၄၇ ဦးကို ပြန်လွှဲပေးမှာ ဖြစ်ပါတယ်။ အဲဒီထဲက ၂၀ ဝန်းကျင်လောက်ဟာ သေဆုံးခဲ့ပြီးပြီလို့ ယူဆရပြီး ရုပ်အလောင်းတွေ အနေနဲ့သာ အစ္စရေးကို ပြန်ရောက်လာနိုင်မှာပါ။ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အောင်မြင်ခြင်းနဲ့အတူ ဂါဇာမှာ လူသားချင်း စာနာမှု အကူအညီတွေ အလုံးအရင်း ပြန်လည် ဝင်ရောက်နိုင်ရေး အားထုတ်မှုတွေမှာလည်း စစ်မှန်တဲ့ တိုးတက်မှုတွေ ရနေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။
အစ္စရေးရဲ့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း စစ်ဆင်ရေးတွေကြောင့် ဟားမားစ်ဟာ အကြီးအကျယ် အထိနာပြီး ဆိုးဆိုးရွားရွား အင်အားယုတ်လျော့သွားခဲ့ပါတယ်။ ဂါဇာမှာရော၊ ပြည်ပမှာရှိတဲ့ ခေါင်းဆောင်တွေ အများအပြားလည်း သုတ်သင်ရှင်းလင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဟားမားစ်ကို အမြစ်ပြတ် ရှင်းလင်းမယ်ဆိုတဲ့ အစ္စရေးရဲ့ ရည်ရွယ်ချက်ကတော့ မပြည့်မြောက်ခဲ့ပါဘူး။
ဟားမားစ်ရဲ့ ညှိနှိုင်းရေး ကော်မတီဝင် သတင်းရင်းမြစ် တစ်ဦးကတော့ ဟားမားစ်ဟာ စစ်ပွဲအလွန် ဂါဇာရဲ့ စီမံအုပ်ချုပ်ရေး ကဏ္ဍကို လက်လွှတ် အလျှော့ပေးမှာ ဖြစ်ပေမယ့် လက်နက်ကိုင် လမ်းစဉ်ကိုတော့ မစွန့်ဘူးလို့ ပြောပါတယ်။ ထရမ့်ရဲ့ အစီအမံအရ ဂါဇာမှာ လက်ရှိ ဖြန့်ကျက်ထားတဲ့ အစ္စရေး တပ်တွေထဲက တချို့ဟာ ပြန်လည် ရုပ်သိမ်း ဆုတ်ခွာမှာဖြစ်ပြီး အစ္စရေး အခြေစိုက် အမေရိကန် စစ်စခန်း တစ်ခုက ကြီးမှူးမယ့် နိုင်ငံပေါင်းစုံ စောင့်ကြည့်ကွပ်ကဲရေး တပ်တွေက အစားထိုး နေရာယူမယ်လို့ သိရပါတယ်။




Hits: 0
