မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် AAအပါအဝင် မဟာမိတ်တပ်များတို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးဆက်တိုက်ကြဲ၍ စခန်းမကျ​အောင် ခုခံနေကြောင်း ဒေသခံများကပြောသည်။ ရခိုင်ပြည်နယ် နှင့် မကွေးတိုင်းကိုဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းရှိ ရိုးမတောင်ကြားလမ်းတွင် ဇန်နဝါရီ ၁၃ ရက်​နေ့မနက်ပိုင်းကစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟုလည်း ဒေသခံတစ်ဦးကပြောသည်။

“မနေ့ကတည်းက စစ်ကောင်စီတပ် ဘက်က မင်းဘူး တပ်မ (၈၈ )ထဲကနေ လက်နက်ကြီးနဲ့ လူတွေ ကားအစီး၂၀ လောက်နဲ့ စစ်ကူပို့နေတာပါ။ ဒီနေ့မနက်ပိုင်းမှာတော့လေကြောင်းက တောက်လျောက်ဗုံးကျဲနေတယ်” ဟု ၎င်းကဆက်​ပြောသည်။ AA နှင့် မဟာမိတ်တပ်များက ဇန်နဝါရီ ၅ ရက်တွင် တောင်ဇောက်ရွာရှိ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း အ​စောင့် စက်ရုံ နှင့်အမြောက်တပ်စခန်းကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်က ဂုတ်ကြီးရွာတွင် ခံစစ်ပြင်ထားသည်ဟု ဒေသခံများကပြောသည်။

ထို့အပြင် ဇန်နဝါရီလ၄ရက်နှင့်၅ရက်က တောင်ဇောက်ကျေးရွာအပါအဝင် အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးကိုလက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိထားကြောင်း ချင်းကာကွယ်ရေးတပ်(အရှို) နှင့်လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA Magway) က ထုတ်ပြန်ထားသည်။

“စစ်ကောင်စီတပ် ရဲ့ ကပစ (၁၄) ကို Arakan Army လာတိုက်မှာကြောက်လို့ ခံစစ်အသဲအသန်ပြင်နေတာပါ။” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်က ကပစ-၁၄ (အမှတ်-၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ) ကို ကာကွယ်ရန်အတွက် ငဖဲမြို့နှင့် ရွှေစက်တော်ဘုရားအနီးတွင် အင်အားတိုးချဲ့ချထားပြီး ဒေသခံကာကွယ်ရေးတပ်များနှင့်လည်း စစ်ရေးတင်းမာနေသည်ဟု ဒေသခံများထံမှသိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed