စစ်ဘေးဒဏ်ခံနေရတဲ့ ဒေသခံ မိဘပြည်သူတွေကို ငဲ့ညှာထောက်ထားပြီး တရုတ်နိုင်ငံရဲ့ ကြားဝင် ကြိုးပမ်းမှုကို လေးစား အသိအမှတ်ပြုတဲ့ အနေနဲ့ နှစ်ဘက် စစ်ရေးပဋိပက္ခများ အဆုံးသတ် နိုင်ရန် စစ်ကောင်စီ နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အသင့်ရှိကြောင်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၅ ရက်နေ့တုန်းက ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) မှ ထုတ်ပြန်အသိပေးခဲ့ပါတယ်။
ဒါပေမယ့် ရက်ပေါင်း ၄၉ ရက်အကြာဖြစ်တဲ့ ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက်မှာတော့ တော်လှန်ရေး အင်အားစုတွေနဲ့ ဟန်ချက်ညီလက်တွဲပူပေါင်းကာ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ တအာင်းအမျိုးသား တော်လှန်ရေး (၆၂)နှစ်ပြည့်တဲ့ ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက်မှာ အခုလိုစစ်ကြေညာချက် ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။
ညီနောင်မဟာမိတ်တွေရဲ့ အခက်အခဲ၊ အတားအဆီးတွေကို ဝိုင်းဝန်းဖြေရှင်းရန် အမြဲအသင့်ရှိတယ်လို့လည်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နဲ့ အာရက္ခတပ်တော်(AA)က တအာင်းအမျိုးသား တော် လှန်ရေး(၆၂) နှစ်ပြည့်သို့ ပူးတွဲသ၀ဏ်လွှာပေးပို့ထားပါတယ်။ ဒါ့အပြင် CRPH၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)၊ မန္တလေး PDF၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)နဲ့ တခြားသော တော်လှန်ရေးအင်အားစုတွေကလည်း တအာင်းအမျိုးသား တော်လှန်ရေး(၆၂) နှစ်ပြည့်သို့ သ၀ဏ်လွှာပေးပို့ထားတာ တွေ့ရပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAကတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားတဲ့ မြို့ပေါင်း ၁၂မြို့အပါအဝင် တအာင်းတပ်မတော် အခြေစိုက်ထားတဲ့ ဒေသတွေကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကို တာဝန်ခံမှုရှိစွာ ဦးဆောင်စီမံအုပ်ချုပ်သွားမယ်လို့ ဆိုထားပါတယ်။
Hits: 0