စစ်ကောင်စီ ကို အရေးယူမည့် ILO Article 33 ကို ရုရှား၊ တရုတ်၊ ဘီလာရုစ်နှင့် လာအိုနိုင်ငံတို့မှ ကန့်ကွက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့( ဇွန် ခြောက်ရက်)တွင် ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဇွန် ငါးရက်) က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၁၁၃ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ(ILC) တွင် ILO က စစ်ကောင်စီကို ILO Article 33 ဖြင့် အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းဆုံးဖြတ်ကို ရုရှား၊ တရုတ်၊ ဘီလာရုစ်နှင့် လာအိုနိုင်ငံတို့မှ ကန့်ကွက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီကို ILO Article 33 ဖြင့် အရေးယူရခြင်းသည် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်ရေး ချိုးဖောက်ခြင်း၊ ILO၏ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စုရုံးခွင့်ဆိုင်ရာ ပြဌာန်းချက် အမှတ် ၈၇ နှင့် အဓမ္မအလုပ်ခိုင်းစေခြင်းဆိုင်ရာ ပြဌာန်းချက် ၂၉ တို့ကို ကျူးလွန်ချိုးဖောက်မှုတို့ကြောင့် ဖြစ်သည်။ ယခုကဲ့သို့ အရေးယူမှုများ လုပ်ဆောင်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရး၏ သုံးပွင့်ဆိုင်ကိုယ်စားလှယ် အဖွဲ့ ကိုယ်စား မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MLA/CTUM) မှ ဦးမောင်မောင်လွင်က ညီလာခံတွင် ကနီဦးအဖွင့်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အလုပ်သမားကိုယ်စားလှယ် ဒေါဖြိုးစန္ဒာမိုး(MLA/CTUM)က စစ်ကောင်စီ၏ အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အနိုင်ကျင့်ဖိနှိပ်မှုများ၊ အကြမ်းဖက်လုပ်ရပ်များအတွက် Article 33 ဖြင့် အရေးယူခြင်းသည် လက်စားချေခြင်းမဟုတ်ဘဲ မြန်မာပြည်သူလုထု၏ ဂုဏ်သိက္ခာ၊ တရားမျှတမှု၊ လူထုများ၏ တိုးတက်ရေး ၊ ဘ၀ပြန်လည်တည်ဆောက်ရေးအတွက် ဖြစ်သည်ဟုဆိုသည်။ ယင်းအပြင် ILO၏ ဆုံးဖြတ်ချက်သည် စစ်တပ်၏ နှစ်ပေါင်းမျာစွာ ဖိနှိပ် အနိုင်ကျင့်မှုများအတွက် မြန်မာပြည်သူလူထု၏ အောင်ပွဲတစ်ရပ်ဖြစ်ကြောင်း NUG က ဆိုသည်။
ဆက်လက်ပြီး မြန်မာပြည်သူလူထုနှင့်အတူ ILO အဖွဲ့ဝင်နိုင်ငံများမှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ နိုင်ငံတကာတွင်ရှိနေသည့် အလုပ်သမားများ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ ခေါင်းဆောင်များက မြန်မာပြည်သူလူထုနှင့်အတူ တသားတည်းရပ်တည်ကြောင်း ပြသခဲ့ခြင်းလည်ဖြစ်သည်ဟု NUG က ထုတ်ပြန်ထားသည်။ Article 33 ဆုံးဖြတ်ချက်သည် တစ်ကမ္ဘာလုံးတွင်ရှိနေသည့် စစ်ကောင်စီနှင့် စစ်ကောင်စီ အပေါင်းအပါများကို လက်နက်ရှိတိုင်း နိုင်ထက်စီးနင်း လုပ်ဆောင်၍ မရကြောင်းကို သက်သေပြလိုက်ခြင်းဖြစ်သည်ဟု NUG က ဆိုသည်။


Hits: 0