စစ်​ကောင်စီက ​နေပြည်​တော်တွင် စစ်မတိုက်​ဘဲ ယခင်အစိုးရလက်ထက်များကတည်းက အပစ်ရပ်လက်မှတ်ထိုးထားသာတိုင်းရင်းသာလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်း​ရေး​ဆွေး​​နွေး​နေသည်။ စစ်​ကောင်စီက ​နေပြည်​တော်ရှိ MICC-2 တွင် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်နှင့်ထိ​တွေ့ဆက်ဆံမှု ပုံမှန်ပြုလုပ်​နေ​သော NCA လက်မှတ်​ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ စစ်​​ကောင်စီထံတွင်မှတ်ပုံတင်ထား​သောပါတီများ၊ ယခင်အစိုးရလက်ထက် MPC အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်အချို့စသည်တို့နှင့် ငြိမ်း ချမ်း​ ရေး​ဆွေး​နွေးပွဲ​ခေါင်းစဥ်ဖြင့် မတ်လ ၂၄ ရက်မှ ၂၆ ရက်ထိသုံးရက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုပွဲကို စစ်​ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်​ရေး နှင့် ငြိမ်းချမ်း​ရေး​ဖော်​​ဆောင်မှု​ကော်မတီ ကဦး​ဆောင်လုပ်ခဲ့ခြင်းဖြစ်သည်။

ထူးခြားချက်မှာ ယခု​ဆွေး​နွေးပွဲသို့ လက်ကျန် ၇ ဖွဲ့တွင် အင်အားအ​ကောင်းဆုံး ဖြစ်​သော RCSS မှ တက်​ရောက်ခြင်းမရှိ​ကြောင်း ထိုအဖွဲ့က မီဒီယာအချို့သို့​ဖြေဆိုထားသည်။ NCA လက်မှတ်​ရေးထိုးထားပြီး စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းပုံမှန်ထိ​တွေ့ဆက်ဆံ​နေ​သောအဖွဲ့များမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ KNU/KNLA -PCငြိမ်းချမ်းရေးကောင်စီ ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မွန်ပြည်သစ်ပါတီ(NMSP) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)တို့ဖြစ်သည်။KNU/KNLA -PC သည် စစ်​ကောင်စီကို တိုက်ခိုက်​နေ​သော KNU နှင့်မတူဘဲ အင်အားအနည်းငယ်သာရှိ​သောအဖွဲ့ဖြစ်သည်။

ထို ၇ ဖွဲ့ထဲတွင် PNLO/PNLA သည် ၂၀၂၄ နှစ်ဆန်းပိုင်းမှ စ၍ ​တော်လှန်​ရေးအင်အားစုများနှင့် ပူး​ပေါင်း၍ စစ်​ကောင်စီကို ​တော်လှန်တိုက်ပွဲဝင်​နေသည်။ သို့​သော် အဖွဲ့မှ ဦး​ဆောင်နယက ခွန်ဥက္ကာမှာ စစ်​ကောင်စီ နှင့် ထိ​တွေ့ဆက်ဆံ​နေပြီး၎င်းအပါအဝင်အဖွဲ့ဝင် ၃ ဦးက PNLO-NCA-S ကို ဖွဲ့စည်း​ကြောင်း​ ၂၀၂၄​အောက်တိုဘာ ၉ ရက်တွင် ကြေညာသည်။ ထို​နောက် PNLO/PNLA ဗဟို​ကော်မတီကလည်း ၎င်းတို့ သုံးဦးကိုထုတ်ပယ်​ကြောင်း ​အောက်တိုဘာ ၁၂ ရက်တွင်​ကြေညာသည်။ ထို​နောက်ပိုင်းတွင်လည်း PNLA မှာ ​တော်လှန်​ရေးအဖွဲ့များနှင့် ပူး​ပေါင်း၍ စစ်​ကောင်စီတပ် နှင့် PNA ပြည့်သူ့စစ်များကိုတိုက် ခိုက်​နေသည်။ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ PNLO-NCA-S မှာမူ တပ်လက်ကိုင်မရှိဘဲငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲများတက်​နေခြင်းဖြစ်သည်။

MNSP မှ ​ခေါင်း​ဆောင်အချို့မှာလည်း ခွဲထွက်ပြီး မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ကိုဖွဲ့၍စစ်​ကောင်စီတပ်ကိုခုခံတိုက်ခိုက်​နေသည်။ ထို​ကြောင့် MNSP နှင့် PNLO-NCA-S ပါဝင်မှုမှာယခင်ကဲ့သို့အပြည့်အဝ မဟုတ်​တော့​​သော်လည်းစစ်​ကောင်စီကမူ EAO ၇ဖွဲဟုဆို​နေဆဲဖြစ်သည်။ ထို ၇ ဖွဲ့တွင် RCSS မှာ အင်အား​ကောင်းပြီးကျန်အဖွဲ့များမှာ အင်အားအနည်း ငယ်သာရှိသလို PNLO-NCA-S တွင်လက်နက်ကိုင်တပ်ပင်မရှိ​ပေ။ ထို​ကြောင့် အဆိုပါအဖွဲ့များသည်စစ်​ကောင်စီတပ်ကိုလည်း တိုက်ခိုက်ခြင်းမရှိ​သော်လည်း ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲများကို အကြိမ်ကြိမ်​ဆွေး​နွေး​နေခြင်းဖြစ်သည်။

တဖက်တွင် နိုင်ငံတဝန်းတိုက်ပွဲများပြင်းထန်စွာဖြစ်ပွား​နေပြီး KIA ၊ KNU ၊ AA ၊ KA ၊ CNA၊ MNDAA ၊ TNLA စ​သော အင်အားကြီးတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များမှာ ​နွေဦး​တော်လှန်​ရေးအင်အားစုများနှင့်ပူး​ပေါင်း၍ မြို့များ ၊စစ်တပ်စခန်းများ ၊တပ်ရင်းများ ၊ဌာနချုပ်များကို ထိုးစစ်ဆင်သိမ်းပိုက်​နေသည်။ “အခု စကစရဲ့ဆွေးနွေးဖက်တွေက စကစနဲ့ ဘာပြသနာမှ မရှိတဲ့ အဖွဲ့တွေပါ၊ တကယ်တော့အာဏာသိမ်းမှုကြောင့် စကစကို တိုက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရမှာလေ။အဲတော့ အခု စကစရဲ့ငြိမ်းချမ်းစွာ အဖြေရှားရေးချဉ်းကပ် မှုကို ဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ဘူး” ဟု ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက စစ်ကောင်စီ လုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပေါ် မှတ်ချက်ပြုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း စစ်​ကောင်စီမှာငြိမ်းချမ်းရေးကို ပါးစပ်က ပြောပြီး လက်တွေ့တွင် ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေသည့် ၎င်း၏ ပြောဆို လုပ်ဆောင်ချက်များကို ခေါင်းထဲ ထည့်မထားကြောင်း​ပြောသည်။ “ငြိမ်းချမ်းရေးနဲ့ ပါးစပ်ပြောထားပြီး လူထုကို သတ်ဖြတ်နေတဲ့ဟာတွေက နေ့စဉ်ရက်ဆက်ဖြစ်နေတဲ့အခါကျတော့ ယုံကြည်မှုတွေအကုန်လုံး ပျောက်သွားပြီးတော့ လူထုက စစ်အာဏာရှင် တိုက်ဖျက်ရေး ဆုံးခန်းတိုင် အရောက်သွားဖို့ လုံးပန်းနေတဲ့အနေအထားပါ။” ဟု ပဒိုစောတောနီးက ပြောသည်။

KNU/KNLA ၊ CNF/CNA တို့မှာ စစ်တပ်အာဏာမသိမ်းခင်က NCA တွင်ပါဝင်လက်မှတ်​ရေးထိုးခဲ့​သော်လည်း စစ်တပ်အာဏာသိမ်းပြီး​နောက် ပြည်သူနှင့်အတူ ရပ်တည်ကာ စစ်​ကောင်စီကို ခုခံ​တော်လှန်တိုက်ခိုက်​နေကြခြင်းဖြစ်သည်။ “တွေ့ဆုံဆွေးနွေးမှုများမှငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့”​ခေါင်းစဥ်ဖြင့်​ ​နေပြည်​တော်တွင်လုပ်​နေ​သောဆွေးနွေးပွဲတွင်စစ်ကောင်စီက ငြိမ်းချမ်းရေးကို လက်နက်ကိုင်ဖြေရှင်းခြင်းမပြုရန်၊ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက် သောနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာ ရေရှည်တည်တံ့မည်စသဖြင့် ဆွေးနွေးခဲ့​ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ဖော်ပြသည်။

သို့​သော်တဖက်တွင် နိုင်ငံတဝန်း စစ်ရေးအရ အထိနာနေသည့် စစ်ကောင်စီသည်စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဆေးရုံဆေးခန်း၊ စစ်​ရှောင်စခန်း၊​​ဈေး၊ပြည်သူလူထုနေအိမ်များကို ပစ်မှတ်ထား၍ ​လေ​ကြောင်းမှ ဗုံးကြဲသတ်ဖြတ်မှုများပိုလုပ်​နေသဖြင့် အရပ်သားပြည်သူသေဆုံးမှုများတိုး​နေသည်။ စစ်​​ကောင်စီတပ် က ပြည်သူများကိုဗုံးကြဲသတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုများကိုထို​ဆွေး​နွေးပွဲတွင် EAO လက်ကျန်အဖွဲ့များ​ရော၊ ပါတီများကပါ ​ဆွေး​နွေး​ပြောကြားခြင်းမရှိကြ​ပေ။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်