ချင်းပြည် တီးတိန်မြို့နယ် မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ကုန်သွယ်ကားလမ်းအသုံးပြု မရလို့ ဆန်၊ ဆီ၊ ဆား ၊ ငပိ စတဲ့ အခြေခံ စားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။ စစ်ကောင်စီ တပ်တွေက ပြီးခဲ့တဲ့ မေလ ၂၀ ရက် ကနေ ဇွန်လ ၉ ရက် မနေ့ကအထိ ကားအစီးရေ ၁၅ စီး ကျော် အသုံး ပြုကာ အင်အားအလုံးအရင်းနဲ့ ကလေး-တီးတိန် ကားလမ်းမကြီး အတိုင်း ချင်းပြည် တီးတိန်မြို့ဆီကို စစ်ကြောင်း ထိုးဝင်ရောက်လာနေတာလို့ ဆိုပါတယ်။
ဒီလို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကုန်သွယ်ရေးအတွက် အဓိကအသုံးပြုနေရတဲ့ ကလေး-တီးတိန် ကားလမ်းမကြီးကို အသုံးပြုလို့မရဘဲ ဆန် ၊ ဆီ၊ ဆား၊ ငပိ စတဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေတာ တစ်ပတ်ကျော် ရှိပြီလို့ တီးတိန်မြို့ကုန်သည်တစ်ဦးက ပြောပါတယ်။
“ဆန်တွေပြတ်တယ်။ ဆီတွေလည်းပြတ်တယ်။ တစ်မြို့လုံးပြတ်ကြတာ။ ကလေးလမ်းက အိမ်ခြေကနည်းတယ်။ အဲ့ဒီ ရွာတွေက လူတွေက တီးတိန်ပြောင်းလာ ကြတယ်။ တချို့က ထုတ်လိုင် ပြောင်းကြတယ်။ ခေါစပ် ပြောင်းကြ တယ်။လူဦးရေ ၁၀၀၀ လောက်ရှိမယ်။ အားလုံးလိုလို ပြတ်ကြတာ ” လို့ အဆိုပါကုန်သည်က ပြောပါတယ်။
ဒီလို အခြေခံစားသောက်ကုန်တွေ ပြတ်လပ်တာကြောင့် တောင်ယာထွက်သီးနှံတွေကို အားကိုးစားသောက်နေရ ပြီး ဝမ်းရေးဖြေရှင်းနေရတယ်လို့ တီးတိန်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။ “ဆန်တစ်တင်းက အရင် ၁၂၀၀၀၀ ရှိတာ ။ အခုက ၁၈၀၀၀၀ ဖြစ်သွားတယ်။ လိုသလောက်ဝယ်မရဘူး။ ဖြစ်သွား တာ။ လမ်းကပိတ်တော့။ ရှိတာစားရတာပေါ့၊၊ အသင်းတော်တွေကလှူတာမျှစားကြရတယ်” လို့ အဆိုပါ မြို့ခံက ဆိုပါတယ်။
လက်ရှိမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်တွေက ကလေး-တီးတိန်ကားလမ်းမကြီးအတိုင်း ကော်ဖီခြံ၊ မွာလ် ပီး( Mualpi )၊ ဟိန်ဇိန် (Hiangzing ) မြို့တွေ အနီးကို ရောက်ရှိနေသလို ချင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက် ကားလမ်းမကြီးကို အသုံးပြုသွားလာလို့ မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီ တပ်တွေက ခိုင်ကမ်းမြို့အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ချင်းပြည်နယ်ကို တက်မဲ့ကားနဲ့ ယာဉ်တွေကို သွားလာခွင့် ပိတ်ထားတာ သုံးနှစ်ကျော်ရှိပြီဖြစ်ပြီး ဆေးဝါးသယ်ယူခွင့်၊ ကုန်ပစ္စည်းသယ်ယူခွင့် အ ပြင် အင်တာနက်တွေကို ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို စစ်ကောင်စီ တပ်တွေ ပိတ်ထားတာကြောင့် ဒေသခံတွေဟာ တောလမ်းကိုအသုံးပြုကာကုန်ပစ္စည်းတွေကို သယ် ယူရပြီး လမ်းခရီးခက်ခဲတာကြောင့် လိုသလောက်သယ်ယူမရဘူးလို့ အာလွယ် ကျေးရွာ နေထိုင်သူဒေသခံ တစ်ဦး က ပြောပါတယ်။
” တောလမ်းက ဖြတ်ရတာ ။ စစ်တပ်သိမှာက ကြောက် ရ သေးတာ ။ ဖမ်းတာဆီးတာရှိတော့။ စစ်ကြောင်းထိုးရင် မသွားရဲဘူး။ အခုက မိုးတွေရွာနေတော့ တောင်တွေက ပြိုလို့လမ်းတွေပိတ် နေတယ်” လို့ ယင်းကျေးရွာ ဒေသခံ က ဆိုပါတယ်။ ကလေး-တီးတိန်းလမ်းမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကားလမ်းမကြီးကို အသုံးမပြုဖို့ တော်လှန်ရေးအင်အားစု ဖြစ်တဲ့ SIYIN CDF Civic Defense Militia(CDM -Siyin) တပ်ဖွဲ့ဝင်တွေက မေလ ၂၀ ရက်မှာ သတိပေးထုတ်ပြန် ထားပါတယ်။
ချင်းပြည်နယ်မှာတော့ တီးတိန်မြို့နယ်အပါအဝင် ဖလမ်း၊ ဟားခါး၊ မင်းတပ်၊ ထန်တလန်၊ မတူပီ၊ ပလက်ဝ ၊ကန် ပက်လက်၊ ကျီခါး စတဲ့ မြိုနယ်တွေကနေ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ပြည်သူ ၁၅၀၀၀ ကျော်ရှိပြီး အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံတွေကို တိမ်းရှောင်နေရသူ ၂၀၀၀၀၀ ကျော်ရှိတယ်လို့ အကူအညီ ပေးနေသူတွေကပြောပါတယ်။
ချင်းပြည်နယ်မှာတော့ ချင်းတော်လှန်ရေးတပ်တွေက ဖလမ်းမြို့အပါအဝင် မင်းတပ်၊ ကန်ပက်လက်၊မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက် ထိန်း ချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။
လက်ရှိအချိန်မှာတော့ ဟားခါး၊ ထန်တလန် ၊ခိုင်ကမ်း၊ တီးတိန်မြို့ လေးခုမှာသာ စစ်ကောင်စီ စခန်းကျန်ရှိတော့ တာ ဖြစ် ပြီးတော့ ချင်းပြည်တစ်ဝှမ်း စစ်ကောင်စီ ကင်းစင်ရေး အမြန်ဆုံးလုပ်ဆောင်သွားမယ်လို့ ချင်းပြည် တော်လှန်ရေး တပ်ဖွဲ့တွေ ကထုတ်ဖော် ပြောဆိုပါထားပါတယ်။



Hits: 0