စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းတောင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ CDF Siyin တပ်ဖွဲ့တို့ဟာ တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာအနီးမှာ မေ ၂၁ ရက် ဒီနေ့မနက်ပိုင်းက တိုက်ပွဲစဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲတာကြောင့် ကလေး – သိုင်းငင်း လမ်းမဘေးရှိ မွှာလ်ပီး၊ ထေးဇန်၊ ဟေးဇန် စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။
” စစ်ကြောင်းက မွှာလ်ပီးကို ကျော်လာပြီလို့ ကြားတယ်။ သေနတ်သံတွေကြားရတယ်၊ လက်နက်ကြီးသံတွေရောပဲ။ ဒေသခံတွေကတော့ တောင်ယာတွေထဲ ပြေးရတာ များတယ်။ မိုးကလည်း ရွာတော့ ခက်ခဲတွေ ဖြစ်တာပေါ့။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မေလ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်းဘက်ကို တက်လာတဲ့ စစ် ကား ၁၅ စီး၊ စစ်အင်အား နှစ်ရာ ကျော်နဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။
တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CDF-CDM-Syin ကလည်း မေလ ၂၀ ရက်ကနေ စပြီး ကလေး-သိုင်းငင်း လမ်းမကြီးကို ယာယီ ပိတ်ထား လိုက်ကြောင်း ကြေငြာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ သိုင်းငင်းစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးနောက် တစ်နှစ်ကျော် အကြာမှာ ပထမဆုံး ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုးလာတာလည်း ဖြစ်ပါတယ်။
Hits: 0