အကြမ်းဖက် စစ်တပ်၏ ပုဒ် ၅၀၅ (က) လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ လွတ်မြောက်လာပြီး နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ ဗဟို ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံရေးအကျဉ်းသား ၇၂၄ ဦး ကို လွတ်ငြိမ်းခွင့်၊ ပုဒ်မ ၅၀၅ (က) နှင့် အမှုတွဲအခြားအမှုများရှိနေသော အကျဉ်းသား ၂၃၆၁ ဦးက ပြစ်ဒဏ်လျှော့ပေါ့ခွင့်ပေးကာ၊ အမှုရင်ဆိုင်ဆဲနှင့် ထွက်ပြေးတိမ်းရှောင်သူ ၅,၅၈၀ ဦးကို အမှုပိတ်သိမ်းပေးခဲ့ကြောင်း သိရှိရသည်။
“နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်တယ်ဆိုတာထက် တန်ဆာခံ အချို့ကို နိုင်ငံရေးခုတုန်းလုပ်ဖို့ ပြန်လွတ်တယ်ဆိုတဲ့ အခြေအနေလို့ပဲ မြင်ပါတယ်။ အကျဉ်းထောင်တွေထဲက သမ္မတကြီးဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀၀ ကျော် တန်ဆာခံအဖြစ်ဆက်လက် ဖမ်းဆီးခံထားရဆဲမို့ အားလုံးအမြန်ဆုံးပြန်လွတ်ပေးဖို့ပြောချင်ပါတယ်”ဟု PPNM မှ ဗဟို ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။
မန္တလေးအိုးဘိုအကျဉ်းထောင်တွင်းတွင် ၅၀၅ – က ပုဒ်မ ကပ်၍ ဖမ်းဆီးခံထားရသူ ၁၀၀၀ ကျော် ရှိနေသော်လည်း လွတ်ငြိမ်းတွင် ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၁၆၅ ဦးနှင့် အမျိုးသမီး ၆၇ ဦး စုစုပေါင်း ၂၃၂ ဦးသာ လွတ်မြောက်လာခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ ဗဟို ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းချမ်းသာခွင့်ဟုဆိုကာ လွှတ်ပေးခဲ့ရာတွင် အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော် ရှိသော်လည်း ၂၃၂ ဦးကိုသာ လွတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၊ လက်ရှိ အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသား ၈၀၀ ကျော် ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရှိရသည်။
အလားတူ အင်းစိန်ထောင်မှ ပုဒ်မ ၅၀၅ (က) ဖြင့် နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည် လွတ်မြောက်ခဲ့ပြီး NLD ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုး၊ တက်ကြွလှုပ်ရှားသူ လူငယ် ကိုဖိုးသား အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ ယမန်နေ့ ပြန်လည် လွတ်မြောက်လာခဲ့ပြီး စုစုပေါင်း လွတ်မြောက်သူ အကျဉ်းသားပေါင်း အင်းစိန်ထောင်မှ ၁၉၂ ဦးရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀၀ ကျော်မှာ အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံထားရဆဲ ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတကြီး ဦးဝင်းမြင့်တို့မှာလည်း မတရား ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ ဗဟို ဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားသည်။



Hits: 0
