ခိုင်ခံ့တဲ့ မြေအောက် ဘန်ကာထဲကနေပြီး အစ္စရေး ဆေးရုံတွေနဲ့ လူနေအဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အီရန် အာဏာရှင် အယာတိုလာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ပြန်လည်ပေးဆပ်ရမယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ်က ပြောပါတယ်။ “ဘယ်ရှား ဗာ မြို့က ဆေးရုံကို ဇွန် ၁၉ မှာ တိုက်ခိုက်ခဲ့တာဟာ အဆိုးရွားဆုံး ရာဇဝတ်မှုကြီးဖြစ်ပြီး အယာတိုလာ တာဝန်ခံရမယ်” လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီး က ဆိုပါတယ်။
အစ္စရေးနိုင်ငံအပေါ် ခြိမ်းခြောက်မှုတွေကို ဖယ်ရှား ရှင်းလင်းဖို့ အီရန်ရဲ့ မဟာဗျူဟာကျတဲ့ ပစ်မှတ်တွေနဲ့ တီဟီရန်မှာရှိတဲ့ အစိုးရ ပစ်မှတ်တွေကို အပြင်း အထန် တိုက်ခိုက်ဖို့ ဝန်ကြီးချုပ် နေတန်ညာဟုနဲ့အတူ အစ္စရေးစစ်တပ်ကို ညွှန်ကြားထားကြောင်းလည်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ်က ပြောပါတယ်။
အစ္စရေးနိုင်ငံ တောင်ပိုင်း ဘယ်ရှားဗာ မြို့က “ဆိုရိုကာ” ဆေးရုံကို ဇွန် ၁၉ မှာ အီရန် ဒုံးကျည် ထိမှန်ပြီး ဆေးရုံ အဆောက်အဦတခု အကြီးအကျယ် ပျက်စီးကြောင်း အစ္စရေး သတင်းတွေက ဖော်ပြပါတယ်။ ထိခိုက် ဒဏ်ရာရာမှု အခြေအနေတွေကို စစ်ဆေးနေဆဲဖြစ်ပြီး ဆေးရုံက လူနာတွေကို ပြောင်းရွှေ့ပေးထားကြောင်း အစ္စရေး အာဏာပိုင်တွေက ပြောပါတယ်။
အီရန် အစိုးရ သတင်းဌာနကတော့ ဆေးရုံကို ပစ်မှတ်ထားတာ မဟုတ်ဘဲ ဆေးရုံအနီးက ပန်းခြံဘေးမှာရှိတဲ့ အစ္စရေး စစ်ထောက်လှမ်းရေးကို အသံထက်မြန်တဲ့ ဒုံးကျည်နဲ့ အတိအကျ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ဇွန် ၁၉ မနက် အစောပိုင်းက စပြီး အစ္စရေးနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အများစုကတော့ လူနေတိုက်ခန်းတွေ၊ ကားရပ်နားရာ နေတွေကိုပဲ ထိမှန်တယ်လို့ အစ္စရေး အခြေစိုက် နိုင်ငံတကာ သတင်းတွေက ဖော်ပြပါတယ်။


Hits: 0