စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သစ္စေးကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆွမ်းဘုန်းရန် ပြင်ဆင်နေသည့် သံဃာတော်နှင့်ကိုရင်ငယ် အပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း Monywa Revolution မှ တာဝန်ရှိသူနှင့် ဒေသပြည်သူများက ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်အချိန် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက တန့်ဆည်မြို့နယ်၊ သစ္စေးကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဘုန်းကြီးကျောင်းအတွင်း ဆွမ်းစားနေသည့် သံဃာတော်များ အပါအဝင် ပြည်သူများ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။ စစ်တပ်က ဗုံးကျဲတိုက်ခိုက်ပြီးနောက် ဒေသပြည်သူများ နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၄ ဦး၏ ရုပ်အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ရှိနေသော ရုပ်အလောင်း ၂ ခုကို ဆက်လက်ရှာဖွေနေကြောင်း သိရှိရသည်။

“စစ်တပ်တွေက သစ္စေးကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို သံဃာတော်တွေ ဆွမ်းစားဖို့ ပြင်ဆင်နေတုန်းဗုံးကျဲသွားတာ ကျနော်တို့ သိရတာတော့ ၇ ဦးသေဆုံးတယ်။ အလောင်းကတော့ ၅ လောင်းပဲ ရှာတွေ့သေးတယ်။ ၂ လောင်းကရှာမတွေ့သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ အလားတူ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကော်တက်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၂၀၀ ဗုံး ကျဲချတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ် ၃ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed