တရုတ်နိုင်ငံ တိဘက်ဒေသမှာ ဒီနေ့မနက်က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာကြောင့် သေဆုံးသူ တစ်ရာနီးပါး ရှိလာပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့ မနက် ၉ နာရီကျော်မှာ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရတ်တောင်နဲ့ မြောက်ဘက် မိုင် ငါးဆယ်အကွာမှာရှိတဲ့ တိဘက်ဒေသက Tingri ကျေးလက်ခရိုင် တစ်ခုကို ဗဟိုပြုလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီငလျင်လှုပ်ခတ်မှုကြောင့် တိဘက်ခြမ်းမှာ အနည်းဆုံး လူ ၉၅ ဦး သေဆုံးပြီး ၁၃ဝ ဦး ဒဏ်ရာရခဲ့တယ်လို့ တရုတ်အစိုးရပိုင် သတင်းဌာနတွေက ဖော်ပြကြပါတယ်။ အမေရိကန် ဘူမိဗေဒဌာန ထုတ်ပြန်ချက်အရ ပြင်းအား ၇.၁ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အိမ်နီးချင်း နီပေါ၊ အိန္ဒိယနဲ့ ဘူတန်နိုင်ငံတွေမှာလည်း ငလျင်နောက်ဆက်တွဲ ရိုက်ခတ်မှု ခံခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ပင်က လူအသေအပျောက် အနည်းဆုံးဖြစ်အောင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အစွမ်းကုန်လုပ်ဖို့နဲ့ ထိခိုက်ခံစားရသူတွေကို စနစ်တကျ နေရာချထားဖို့ တိုက်တွန်းထားပါတယ်။ ဒေသခံ မီးသတ်အဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်သား ၁၅ဝဝ ကျော်ကို ငလျင်ဒဏ်သင့်နေရာတွေဆီ စေလွှတ်ထားတယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်