ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တိုက်ပွဲဖြစ်လာ စိုးရိမ်တာကြောင့် ဒေသခံတချို့ဟာ ပစ္စည်းတွေကို စတင်ရွှေ့ပြောင်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။‌ ဒီဇင်ဘာ ၂၆ ရက်နေ့ကစပြီး ဒေသခံတွေဟာ တိုက်ပွဲဖြစ်လာရင် တိမ်းရှောင်ဖို့ လွယ်ကူအောင် ပစ္စည်းတွေကို ထုတ်သိမ်းထားကြတယ်လို့ သိရပါတယ်။

ပြောင်းရွှေ့မလွယ်ကူတဲ့ ပစ္စည်းတွေကို ဒီဇင်ဘာ ၂၉ ရက်နေ့ကစပြီး မြို့ပေါ်ကနေ ဘေးကင်းနိုင်မဲ့ ကျေးရွာတွေဆီ ပြောင်းရွှေ့နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဘာတွေ ဖြစ်လာမလဲဆိုတာ မသိနိုင်ဘူးလေ။ ကိုယ့်ဘက်က အဆင်သင့် လုပ်ထားရမှာ။ စပြီးဆိုတာနဲ့ ရှောင်နိုင်အောင် လုပ်ထားတာပါ။ ဖလမ်းပြီးရင် တီးတိန် လာမယ်ကြားတော့ စိုးရိမ်ရတာပေါ့။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တီးတိန်မြို့ဟာ ချင်းညီနောင်အဖွဲ့၀င် PDF Zoland တပ်ဖွဲ့ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်နေသလို တီးတိန်မြို့ကိုလည်း မြို့သိမ်းတိုက်ပွဲ ဆက်ဖော်ဆောင်သွားမယ်လို့ ချင်းညီနောင်က ပြောထားပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က တီးတိန်မြို့မှာ စစ်ကောင်စီတပ်နဲ့ PDF Zoland တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး PDF Zoland အဖွဲ့က ရဲစခန်းအပါအ၀င် စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

“ပထမ တစ်ခေါက် တိုက်ပွဲဖြစ်တုန်းက ကြိုအသိမပေးဘူးလေ၊ ကိုယ့်ဘာသာပဲ လွတ်အောင် ရှောင်ခဲ့ရတာ။ အခုတစ်ခေါက်လည်း ကြိုပြင်ထားမှ တော်ကာကျမယ်။ မဟုတ်ရင် နောက်တစ်ခါ ပြန်ထူးထောင်ထားတဲ့ ပစ္စည်းလေး ကုန်သွားလိမ့်မယ်။ ” လို့ ‌ဒေသခံ နောက်ထပ် တစ်ဦးက ပြောပါတယ်။ မေလ မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲမှုနဲ့ မီးရှို့မှုကြောင့် တီးတိန်က နေအိမ် ၇၀ ကျော် ပျက်စီးခဲ့ပြီး မြို့လုံးကျွတ် တိမ်းရှောင်ခဲ့ရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed