ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်းရှိ ဘိန်းခင်းများတွင် လုပ်ကိုင်နေသည့် နေ့စားအလုပ်သမား ၂၀၀ ကျော်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့ PDF Zoland က ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့အနက်မှ သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ​

PDF Zoland ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU) က ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ရာ၌ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများ၊ ကျန်းမာရေးကောင်းမွန်ပြီး မိသားစုတာဝန် လွတ်ကင်းသူများကို စစ်သားအဖြစ် လေ့ကျင့်ပျိုးထောင်သွားမည်ဟု ဖော်ပြထားသည်။

၎င်းတို့သည် ဖေဖော်ဝါရီ ၅ ရက်က လေသာတောင် (ကနေဒီတောင်) ပတ်ဝန်းကျင်ရှိ ဘိန်းခင်းများမှ အလုပ်သမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများအပါအဝင် အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသား ၁၉၀ ကျော်မှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။ ​

ဒေသခံများ၏ အဆိုအရ ပြန်လည်လွတ်မြောက်လာသူအချို့တွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ တွေ့ရှိရသည်ဟု ဆိုသော်လည်း PDF Zoland ဘက်ကမူ ယင်းကို ငြင်းဆိုထားသည်။ ထို့အပြင် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် အလုပ်သမားများကို ဖမ်းဆီးခဲ့သော်လည်း လက်ရှိအချိန်အထိ ဘိန်းခင်းများကို ဖျက်ဆီးခြင်း မရှိသေးကြောင်း ပြောရေးဆိုခွင့်ရှိသူက အတည်ပြုသည်။ ​

လက်ရှိတွင် တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ လက်နက်ကိုင်အဖွဲ့အစည်းများအကြား တပ်သားသစ်ရရှိရေး အခက်အခဲနှင့် ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ ဘိန်းလုပ်သားများကို ဖမ်းဆီးကာ စစ်သားစုဆောင်းသည့် လုပ်ရပ်အပေါ် “လက်တွေ့မကျသည့် မူဝါဒ” ဟု ဒေသခံများက ဝေဖန်နေကြသည်။

ကုလသမဂ္ဂ (UNODC) ၏ ၂၀၂၅ အစီရင်ခံစာအရ ချင်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု ၂၆ ရာခိုင်နှုန်းအထိ မြင့်တက်လာနေပြီး စစ်ဘေးနှင့် စီးပွားရေးကျပ်တည်းမှုကြောင့် ဒေသခံများမှာ ငွေရလွယ်သည့် ဘိန်းစိုက်ပျိုးရေးဘက်သို့ ပိုမိုခြေဦးလှည့်လာကြခြင်း ဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed