ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ကနေ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ချင်းပြည်ကောင်စီ CC တပ်ဖွဲ့ဝင်များ နောက်ဆုတ်ပေးရန် ကမ္ဘာလုံးဆိုင်ရာမတူအဖွဲ့အစည်း – GMO က မနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ “လက်ရှိချင်းညီနောင် စစ်ဆင်ရေးပိုင်နက်ဖြစ်တဲ့ တီးတိန်မြို့ကို CNF/CC အုပ်စုက ဝင်ရောက်နှောက်ယှက်ခြင်းဟာ CNF/CC ရဲ့ နိုင်ငံရေးသိက္ခာ၊ တော်လှန်ရေးသိက္ခာ ကျရှုံးခြင်းအဖြစ်ရှုမြင်တယ်။

မတူပီ တိုက်ပွဲတုန်းကလို ချင်းလူထုအပေါ် ခွင့်လွှတ်လို့မရနိုင်တဲ့အမှားများ ထပ်မကျူးလွန်ရန်နဲ့ တီးတိန်မြို့မှအမြန်ဆုံး နောက်ဆုတ်ပေးရန် တိုက်တွန်းပြီး ဆက်လက်ကျူးလွန်လာရင် နောက်ဆက်တွဲပြသနာအားလုံးကို CNF/CC ကနေ အပြည့်အဝတာဝန်ယူရမယ်။” လို့ ဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်များက တီးတိန်မြို့တိုက်ပွဲဖော်ဆောင်ရန် ရှိမရှိနဲ့ ပတ်သက်လို့ အသေးစိတ်သိရှိနိုင် ခြင်းမရှိပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ – ICNCC ရဲ့အလှည့်ကျသဘာပတိ တာဝန်ထမ်းဆောင်နေသူ Dr. Kenton က CC တပ်ဖွဲ့ဝင်များက CB နယ်မြေဖြစ်တဲ့ တီးတိန်မြို့ကို စစ်ရေးလက်ဦး မှုယူဖို့ ပြင်ဆင်နေကြောင်း နဲ့ ဒီအချက်သာမှန်ရင် ချင်းသမိုင်းတောက်လျှောက်မှာ ဘယ်တော့မှမပြီးဆုံးတော့မဲ့ ရန်ငြိုး ရန်စတွေကို အမုန်းတရားတွေ ဆက်ဖြစ်လာမှာဖြစ်ကြောင်း၊ တီးတိန်မြို့ကို ဘယ်အဖွဲ့ဘဲသိမ်းသိမ်း ပြန်လည်သိမ်းပိုက်သွားမှာဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဖော်ပြထား ပါတယ်။

GMO က နွေဦးတော်လှန်ရေးမှာ ဘာသာရေး၊ လူမျိုးရေး နဲ့ နိုင်ငံရေးပါတီများမှာအခြေမခံဘဲ ချင်းပြည်၊ ချင်းလူထုနဲ့ တော်လှန်ရေးအပေါ်မှာ ရိုးသားပြီး တော်လှန်ရေးကို တော်လှန်ရေးနဲ့တန်အောင် လုပ်ဆောင်တဲ့ အဖွဲ့အစည်းမှန်သမျှကို အားပေးထောက်ခံတယ်လို့လည်း ဖော်ပြထားပါတယ်။

GMO ဟာ နွေဦးတော်လှန်ရေးအစ ၂၀၂၁ ခုနှစ်မှာ ကမ္ဘာအရပ်ရပ်ရှိ မတူမျိုးနွယ်စုကို စုစည်းပြီး မတူလူမျိုး များအတွက် အထူးလိုအပ်နေတဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အပြင် မတူပီ CDF များကိုထောက်ပံ့ ကူညီခဲ့တဲ့ ပထမဆုံးသော ကမ္ဘာလုံးဆိုင်ရာ မတူအဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိချင်းပြည်နယ်မှာ ဂတိအတိုင်း တိုက်ပွဲဝင်ပြီးတော့ အောင်မြင်မှုတွေရရှိလာတဲ့ ချင်းညီနောင် ကို ဝိုင်းဝန်းထောက်ပံ့ကြရန်နဲ့ တော်လှန်ရေးကိုဟန်ပြသက်သက်လုပ်တဲ့ CNF/CC ကိုဆန့်ကျင်ကြဖို့ GMO က ဖော်ပြထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed