တီးတိန်မြေအား စစ်ကောင်စီ၊ CNF အပါအဝင် အပေါင်းအပါ ဖြစ်သည့် PDA စသည့် မည်သည့် အဖွဲ့ အစည်းကိုမျှ ပေးအပ်မည်မဟုတ်ဘဲ တားမြစ်ထားသည့်ကြားမှ ကျူးကျော် ဝင်ရောက်လာပါက ICNCC/CB နှင့်လက်တွဲကာ ပြတ်ပြတ်သားသား တိုက်ထုတ်သွားမည်ဖြစ်ကြောင်း တီးတိန်မြို့နယ်အ ခြစိုက် ZFU/PDF Zoland မှ ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်းမှာကြေငြာချက် ထုတ်ပြန်ပါတယ်။
အဆိုပါ ကြေငြာချက်ကို “လက်ရှိချင်းပြည်အရေးအား ပြည်သူသို့ တင်ပြခြင်း” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး Tedim Township Council/ PDA-Tedim မှ တီးတိန်မြို့သိမ်း တိုက်ပွဲ ဖော်ဆောင်ရေး နှင့် ပတ်သက်သည့် ကြေငြာချက် တစ်စောင် ထုတ်ပြန် အပြီး နာရီပိုင်း အကြာမှာ ZFU/PDF-Zoland မှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းကြေငြာချက်တွင် ” ယခုလတ်တလောတွင် အွန်လိုင်းပေါ်၌ ချင်းပြည်အရေးနှင့် ပတ်သက်၍ ကောလာဟလများစွာ ထွက်ပေါ်လျက်ရှိရာ လက်ရှိ ချင်းပြည်အရေးအား ချင်းပြည်နှင့် ကမ္ဘာအရပ်ရပ်ရှိ ပြည်သူများအားလုံးသို့ အကျဉ်းချုပ်၍ တင်ပြလိုပါကြောင်း၊
ချင်းပြည် ကြားကာလအတိုင်ပင်ခံကောင်စီ (ICNCC)၏ ကာကွယ်ရေးတပ်ဖြစ်သည့် ချင်းညီနောင် (CB) သည် ဇိုမီးလူမျိုး များ၏ မြို့တော်ဖြစ်သည့် တီးတိန်မြို့မှ စစ်ကောင်စီတပ်များကိုတိုက်ထုတ်ကာ လွတ်မြောက်နယ်မြေအဖြစ် ဖော်ဆောင်ရန် အစီအစဉ်များ ချမှတ်ပြီး ဖြစ်ကြောင်း၊ Chin National Front/CNA က People Defence Army (PDA) အား လက်ကိုင်တုတ်အဖြစ် အသုံးချကာ တီးတိန်မြို့အား စွက်ဖက်သိမ်းပိုက်ရန် ကြိုးပမ်းလျှက်ရှိ ကြောင်း၊ CNF/CNA နှင့် အပေါင်းအပါများ၏ ဆောင်ရွက်ချက်များသည် ပြည်သူလူထု၏ အကျိုးကိုရှေးရှုခြင်းတစ်စုံတစ်ရာ မပါရှိဘဲ မိမိတို့မြေပေါ်တွင် အမြတ်ထုတ်လိုမှုနှင့် နိုင်ငံရေးလက်ဦးမှု ရယူလိုမှုသာဖြစ်သည်မှာ အထင်အရှားဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် မေလတွင် တီးတိန်၌ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုးသည်လည်း ၎င်းတို့၏ ကြားဝင်နှောင့်ယှက်မှုကြောင့်ဖြစ်ကြောင်း” ZFU/PDF-Zoland မှ ရှင်းလင်းချက် ထုတ်ပြန်ပါတယ်။
လက်ရှိ ဖော်ဆောင်နေသည့် စစ်ရေး အစီအစဉ် နှင့် ပတ်သက်ပြီး “စစ်ရေးနှင့် စပ်လျဉ်း၍ ပြည်သူများထံသို့ အချိန်နှင့်တပြေးညီ လိုအပ်သလို အသိပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း” ပါရှိပြီး ကြေငြာချက် ရည်ရွယ်ချက်ကို “ယခု ထုတ်ပြန်ချက်သည် စစ်ကောင်စီ၊ PDA ၊ CNF နှင့် အပေါင်းအပါများ၏ ထိပါးဆောင်ရွက် ချက်များကို ထုတ်ဖော် ပြောကြားရန်ဖြစ်ကြောင်း၊ ယင်း အဖွဲ့အစည်းများနှင့် ဆက်စပ်ပတ်သက်နေသူများ အနေဖြင့် အချိန်မီပြင်ဆင်မှုမရှိဘဲ တနေ့တွင် ပြည်သူလူထု၏ တရားစီရင်မှုကို ကြုံတွေ့ခံစားရမည်ဆိုပါက မိမိတို့အတွက် များစွာ ထိခိုက်နစ်နာရမည် ဖြစ်ကြောင်း” ဖြင့် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် “ZFU/PDF Zoland အနေဖြင့် ဇိုမီးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကြိုးပမ်းမှုကို ထိပါးနှောင့်ယှက်ရန် အာဏာရှင်ဆန်ဆန် ကြိုးပမ်းလာသည့် မည်သည့် အဖွဲ့အစည်းကိုမဆို လက်ပိုက် ကြည့်နေမည် မဟုတ်ကြောင်း” ဆက်လက် ဖော်ပြ ထား ပါတယ်။ တီးတိန်မြို့နယ်ကောင်စီရဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်တွင်မူ “တီးတိန်မြို့သိမ်းတိုက်ပွဲကို တီးတိန်မြို့နယ်ကောင်စီ၏ ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သော PDA-Tedimမှ မဟာမိတ်တပ်များနှင့်အတူ ဖော်ဆောင်မည်ဖြစ်ရာ မည်သည့်အဖွဲ့အစည်းကမှ ကန့် ကွက်ခွင့်မရှိကြောင်း” ထည့်သွင်း ထုတ်ပြန် ခဲ့ပါတယ်။
တီးတိန်မြို့နယ်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDA-Tedim, PDF-Zoland, CDF-CDM Siyin နဲ့ CDF-Hualngoram တပ်ဖွဲ့ ၄ ဖွဲ့ရှိပြီး PDF-Zoland အဖွဲ့က လွဲရင် ကျန် ၃ ဖွဲ့ဖြစ်တဲ့ PDA-Tedim, CDF-CDM Siyin နဲ့ CDF-Hualngoram တပ်ဖွဲ့တို့ဟာ Chinland Council နဲ့ပူးပေါင်းတဲ့အဖွဲ့တွေဖြစ်ကြပါတယ်။
PDF-Zoland ရဲ့ စစ်ဦးစီးချုပ် Pu Gideon ကတော့ “CC ဘက်ကနေ ချင်းညီနောင်ရဲ့ စစ်ဆင်ရေး ရှိတိုင်း CB တွေရဲ့ နယ်မြေမှာ နောက်ကျော ကနေ အနှောင့်အယှက်လုပ်လာတာ ဒီတခါတည်း မဟုတ်ဘူး။ မတူပီ မြို့သိမ်း တိုက်ပွဲတုန်းကလည်း လာ နှောင့်ယှက်ခဲ့တယ်။ ဒီတခေါက်အနှောင့်အယှက် ထပ်လုပ်လာရင်တော့ CB ရဲ့ ရန်သူ အဖြစ် သတ်မှတ် ရတော့မယ်။ ယနေ့ထိတော့ ရန်သူအဖြစ် မသတ်မှတ်သေးဘူး ဆိုတဲ့ အကြောင်း စကားပါး လိုပါတယ်” လို့ ပြောကြား ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၄ ည ၈ နာရီဝန်းကျင်မှာ တီးတိန်မြို့ ရှိ ၂၆၉ တပ်ရင်းက တီးတိန်မြို့ ဂေါက်ကွင်း ဘက်ကို လက်နက်ကြီး များဖြင့် ပစ်ခတ်ထားတယ်လို့လည်း တီးတိန်မြို့ ပြည်သူများ ထံမှ သိရှိရပါတယ်။




Hits: 0