ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး‌ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က စတင်မီးရှို့ခဲ့တာဖြစ်ပြီး နေအိမ် ၂၅ လုံးမီးလောင်ပြာကျခဲ့သလို နေအိမ် ၅လုံး လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်သုံးဆယ် ကျော်ရှိတဲ့ သိုင်းငင်းရွာမှာအကောင်းအတိုင်းကျန်တဲ့ နေအိမ် တစ်လုံးမှ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မီးမလောင်ဘဲ ကျန်နေခဲ့တဲ့ နေအိမ်သုံးလုံးပဲရှိတော့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“နေအိမ်တွေက မီးရှို့တာ၊ လက်နက်ကြီးထိတာ ဘာမှ အကောင်း မကျန်တော့ဘူး။ အလုံး ၃၀ ကတော့ မီးလောင်တာရော၊ လက်နက်ကြီးထိလို့ ပျက်တာရော တော်တော်ဆိုးတဲ့အခြေနေပါ။ တခြားကျန်တဲ့ နှစ်အိမ်၊သုံးအိမ်ကတော့ လက်နက်ကြီးထိတာ နည်းတဲ့အိမ်တွေပေါ့။ ဒါပဲ ကျန်တယ်၊ နေစရာတောင်မရှိဘူး” လို့ သိုင်းငင်းဒေသခံတစ်ဦးက ပြောပါတယ်။

တီးတိန်မြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့အကြား ဇွန်လ ၂၀ ရက်နေ့ကစပြီး ဇွန် ၂၅ ရက်‌ နေ့အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ အဲဒီစစ်ကြောင်းဟာ ကလေးမြို့ကို ဆင်းသွားပြီး ဇွန် ၂၇ ဒီနေ့ နေ့လယ်ပိုင်းမှာ ကလေးမြို့ကို ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ သိုင်းငင်းကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ မရှိတော့ပေမယ့် ရွာကို ပြန်မယ့် ဒေသခံတွေဟာ နေအိမ်တွေပျက်စီးထိခိုက်တာကြောင့် နေထိုင်ရေးနဲ့ စားသောက်ရေး အခက်အခဲ ဖြစ်နေတယ်လို့ ‌သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed