ချင်းပြည်နယ်၊ တီးတိန်မြို့နှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို နေ့စဥ်ပြေးဆွဲသည့် မော်တော်ယာဥ်လိုင်းများ စျေးမြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။ ယခုနှစ် မေလတွင်ဖြစ်ပွားသည့် တီးတိန်မြို့တိုက်ပွဲအပြီးတွင် ယာဉ်စီးခနှုန်းထား ကျပ်တစ်သိန်းဝန်းကျင်နီးပါးမြင့်တက်သွားပြီး ယခုအခါ ခုနှစ်သောင်းကျပ်ထိမြင့်တက်နေဆဲဖြစ်သည်။

“လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ ကိစ္စရပ်တွေဖြစ်ဖြစ် ကလေးမြို့တခေါက်ဆင်းဖို့ဆိုတာ မလွယ်ဘူး။ အသွားအပြန် ကားခ နှစ်သိန်းဝန်းကျင်လောက် ကုန်တယ်” ဟု တီးတိန်မြို့ဒေသခံတစ်ဦးက ပြောသည်။ စစ်တပ်အာဏာမသိမ်းခင်က တီးတိန်မြို့နှင့် ကလေးမြို့ကို ပြေးဆွဲသည့် မော်တော်ယာဥ် စီးနင်းခသည် ကျပ်နှစ်သောင်းခွဲဝန်းကျင်သာရှိသည်။

ဆီစျေးမြင့်တက်မှုနှင့် တီးတိန် – ကလေး ကားလမ်းတလျောက်တွင် ဂိတ်ကြေးကောက်ခံခြင်းများကြောင့် ယာဉ်စီးခ စျေးနှုန်းမြင့်တက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “ဆီစျေးကျလာတာ မရှိသေးတော့ ကားခက လျော့ဖို့အဆင်မပြေဘူး။ ပြီးတော့ လမ်းမှာ ဂိတ်ကြေးပေးရတာလည်းရှိတယ်။ ကျွန်တော်တို့ အဲဒါတွေတွက်ချက်ပြီး ကားခယူရတာဖြစ်တယ်” ဟု တီးတိန်-ကလေးပြေးဆွဲသည့် ယာဥ်မောင်းတစ်ဦးက ပြောသည်။

ထို့အပြင် ဒီဇင်ဘာလလအတွင်း ခရစ္စမတ်အတွက် အထူးအစီအစဥ်အနေဖြင့် တီးတိန်မြို့နှင့် ကလေးမြို့ ပြေးဆွဲနေသည့် Shalom မော်တော်ယာဥ်လိုင်း က ၅၅,၀၀၀ ကျပ်နှင့် ပြေးဆွဲပေးသွားမည်ဟုကြားသိရသော်လည်း ယမန်နေ့ထိ ခုနှစ်သောင်းကျပ်နှင့် ပြေးဆွဲနေဆဲဖြစ်သည်။ ကလေး – ဖလမ်း – ဟားခါး ပြေးဆွဲသည့် ယာဉ်လိုင်းများသည် ဖလမ်းတိုက်ပွဲကြောင့် ယာယီရပ်နားထားရကြောင့် သိရှိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်