ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန်-သိုင်းငင်း ကားလမ်းကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ သိုင်းငင်းရွာမှာ မိုင်းနင်းလို့ ၇ ဦး သေဆုံးပြီး ၁၇ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ပြောပါတယ်။ တီးတိန်မြို့မှ တီးတိန်-သိုင်းငင်း ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့ နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်းမှာ သိုင်းငင်းရွာထဲကို ဝင်ရောက်လာပြီး CDF- CDM Siyin ထောင်ထားတဲ့ မိုင်းတွေ နင်းမိလို့ စစ်ကောင်စီဘက် က ၇ ယောက်သေပြီး ၁၇ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ သိရတယ်။
“တီးတိန်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီက တီးတိန်-သိုင်းငင်းလမ်းကို ပေါက်သွားပါပြီ။ ပြန်ထိန်းချုပ်ထားပါပြီ။ မနေ့ညနေကပဲ သိုင်းငင်းရွာကို စစ်ကြောင်း ရောက်တယ်။ အဲမှာကျွန်တော်တို့ CDF Civic Defense Militia – Siyin (CDF CDM Syin) ထောင်ထားတဲ့ မိုင်းတွေ နင်းမိလို့ စစ်ကောင်စီဘက်က ၇ ယောက်လောက်သေတာ တွေ့ရတယ်။ ၁၇ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ သိရတယ်။” လို့ CDF-CDM Siyin က ပြောပါတယ်။
တီးတိန်-သိုင်းငင်းကားလမ်း သိုင်းငင်းရွာကို ရောက်ရှိလာတဲ့ စစ်ကောင်စီ အင်အား (၁၀၀) ကျော်ပါ စစ်ကြောင်းဟာ လက်ရှိမှာ သိုင်းငင်းရွာ နေရာအနှံ့ကို နေရာယူစခန်းချထားပြီး ဆက်လက် စစ်ကြောင်း ထိုးတာမရှိသေးဘူးလို့ သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာတာကြောင့် သိုင်းငင်းရွာက ဒေသခံပြည်သူတွေဟာ နိုဝင်ဘာ ၉ ရက်နေ့ကတည်း ဘေးလွတ်ရာ ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်လို့ သိရတယ်။
ဒါ့အပြင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် စီးယင်းဒေသအတွင်းရှိ ကားလမ်းမဘေးတကြောတွင် တည်ရှိသော မွာလ်ပီး၊ ဝုန်ဆမ်၊ ထီးဇန် ၊ ဟိန်ဇင် ၊ သိုင်းငင်း ၊ ဆွလင် ၊ ဘဲကန့် နှင့် အလွယ်ကျေးရွာများမှ ဒေသခံ ၂,၀၀၀ကျော် စစ်ဘေးရှောင်နေရပြီး အရေးပေါ်စားနပ်ရိက္ခာများလိုအပ်နေကြောင်း ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF Civic Defense Militia – Siyin တပ်ဖွဲ့ထံက သိရသည်။
“စစ်ကြောင်း မဝင်ခင်ကတည်းက ရွာသားတွေက ကြိုတင်တိမ်းရှောင်ကြပြီ။ မနေ့က စစ်ကောင်စီ ရောက်တဲ့ချိန်မှာ ရွာသားတွေက တစ်ယောက်မှ မရှိကြတော့ဘူး။ အခု သိုင်းငင်းရွာဘေးဝန်းကျင်မှာ စစ်ကောင်စီတွေ နေရာယူစခန်းချထားတယ်။” လို့ ပြောပါတယ်။ တီးတိန်-သိုင်းငင်း ကားလမ်းကို စစ်ကောင်စီ ထိန်းချုပ်ထားပေမယ့် သိုင်းငင်း-ကလေး ကားလမ်း ဘက်ကို CDF- CDM Syin က ဆက်လက်ထိန်းချုပ်ထားသေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၆ ရက်အထိ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ် ချင်းညီနောင်တပ်ဖွဲ့တို့အကြား နေ့စဉ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် က ၄၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်းတချို့လည်း ဖမ်းဆီးမိခဲ့တယ်လို့ ချင်းညီနောင်တပ်ဖွဲ့က နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီစစ်တပ်က အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီး ၁ ဦးအပါအဝင် အရပ်သား ၁၄ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ PDF- Zoland တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


Hits: 0
