ချင်းပြည်နယ် ၊ တွန်းဇံမြို့ နယ် ရှိ ကျီခါး (Cikha) မြို့ ကို ချင်းပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ် အချို့က အတည်ပြုပြောကြားသည်။ ချင်းလဲန်းအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ချင်းပူး ပေါင်းတပ် CNA/CDFs က ချင်းပြည်နယ် ကျီခါး (Cikha) မြို့ရှိ စကစ တပ်စခန်းသိမ်းပိုက်ရရှိ ပြီဖြစ်ကြောင်း CNA နှင့် နီးစပ်သော စစ်ရေးရင်းမြစ်တစ်ဦးက ယနေ့ (မေ ၁၉)နေ့ခင်းပိုင်းတွင်းလူမှုကွန်ယက်၌ ရေးသားထားသည်။ ကျီးခါးမြို့ ရရှိသည်မှာ မှန်ကန်ကြောင်း အခြား စစ်ရေးရင်းမြစ်တစ်ဦးကလည်းအတည်ပြုသည်။
မေ ၁၁ ရက်တွင် စစ်ကောင်စီစခန်းရှိ စစ်သားအများစုကို တွန်းဇံမြို့ ရှိ စစ်တပ်စခန်းသို့ ရဟတ်ယာဥ်ဖြင့် ရွေ့ပြောင်းသွားပြီး ကျန်နေသော စစ်သားများနှင့် ZRA တပ်ဖွဲ့ဝင်များကိုချင်းအမျိုးသားတပ်မတော် (CNA ) နှင့် ချင်းဒေသကာကွယ်ရေး ( CDF) ပူးပေါင်းတပ်ဖွဲ့တို့ကမေ ၁၉ ရက်မနက်၁၁ နာရီခွဲတွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ” ဒီမနက်မှာ စခန်းမှာရှိနေတဲ့ ကျန်နေတဲ့စစ်သားတွေနဲ့ စကစ မဟာမိတ် ZRA တွေ ကို တိုက်တာ။ ၁၀ မိနစ်လောက်ပဲ စစ်သားတွေ၊ ZRA တွေထွက်ပြေးသွားတယ်။ အဲတာကြောင့်မို့ ကျီခါးမြို့ကို ထိန်းချုပ်လိုက်ပြီ အဲဒီစခန်းကို မီးရှို့လိုက်ပြီ” ဟု ချင်းစစ်ရေးရင်းမြစ်တစ်ဦးကပြောသည်။
ကျီခါးမြို့သည် ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင် ပါဝင်သော မြို့နယ်ခွဲ မြို့ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြို့ပေါ်တွင် လူဦးရေ ၁၄၅၀ ဦး ၊ကျေးလက်တွင် ၉၇၀၆ ဦး စုစုပေါင်း မြို့နယ်ခွဲအတွင် ၁၁၀၀၀ ကျော် နေထိုင်သည်။ တောင်ဘက်တွင် တွန်းဇံမြို့နှင့် တီးတိန်မြို့ အရှေ့ဘက်တွင် ခမ်းပါတ်မြို့၊ အနောက်ဘက်နှင့် မြောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့ တည်ရှိပြီး နယ်စပ်မြို့ ဖြစ်သည်။
ကျီခါး မြို့သိမ်းတိုက်ပွဲကို CNA ၊ CDF အပါအဝင် ချင်းပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသော်လည်း မြို့သိမ်းတိုက်ပွဲအခြေအနေကို မသိရသေးပါ။ ထိုအပြင် အခြားသတင်းတစ်ရပ်တွင် ချင်းပူးပေါင်းတပ်များသည် တွန်းဇံမြို့ ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ မေလ ၁၉ရက်နေ့ နံနက်ပိုင်းတွင် တွန်းဇံမြို့ရှိရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်တပ်စခန်းအတွင်းပိုင်းသို့ပါ ၀င်ရောက်ထိုးဖောက်နိုင်၍ ယနေ့ နေ့ခင်းတွင်တိုက်ခိုက် နေကြောင်း ဖော်ပြသည်။
” ဒီမနက်ပိုင်း ၆နာရီ မီနစ် ၄၀ခန့်မှာ တွန်းဇံစစ်ကောင်စီရဲစခန်းကို ကျနော်တို့ဖက်က သိမ်းပိုက်လိုက်ပြီ၊ စစ်တပ်စခန်းကိုလည်း အတွင်းပိုင်းအထိ ကျနော်တို့တပ်တွေ ၀င်ရောက်နိုင်ပြီ၊ အခုကျနော်တို့စကားပြောနေတုန်းမှာ အဲဒီစစ်တပ်စခန်းကိုပါ ကျနော်တို့ဖက်က သိမ်းပိုက်နိုင်မယ့်အခြေနေရှိတယ်” လို့ CDF-Hualngo ram စစ်ဦးစီးချုပ် ဦးပွီးသဲ က မေ ၁၉ ရက် မနက်ပိုင်း ၇နာရီခန့်တွင် ပြုလုပ်ခဲ့သော CDF-KKG Supporting Team of North America ၏ အွန်လိုင်း Fund-Raising အစီစဉ်မှတဆင့်အသိပေးခဲ့ကြောင်း ဖော်ပြသည်။
ချင်းတော်လှန်ရေး တပ်ဖွဲ့တွေက၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်းကစပြီး ရိဒ်ခေါဒါရ် မြို့ ၊ ရေဇွာမြို့ ၊ မကွီးအိမ်နူးမြို့ တွေကိုသိမ်းပိုက်ခဲ့ပြီး ၊ ဝေဘူလမြို့ ၊ နှာရိန်းမြို့ ၊ ဆူရ်ခွား မြို့က စစ်သားတွေက ထွက်ပြေးသွားကြသည်။ ယခုနှစ်ဆန်းပိုင်းတွင်လည်း ကျင်ဒွေးမြို့ ၊ ကျီခါးမြို့ များကို ချင်းပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။
ထိုကြောင့် ချင်းပြည်နယ်တွင် ချင်းပူးပေါင်းတပ်များသိမ်းပိုက်ထားသည့် မြို့ပေါင်း ၈ မြို့ရှိပြီဖြစ်သည်။ ထိုအပြင် အာရက္ခတပ်တော်(AA)ကလည်း ၁၀၂၇ စစ်ဆင်ရေး ဖြင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တစ်ခုကိုရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ပလက်ဝ မြို့နယ်တွင် ပလက်ဝ မြို့ နှင့် ဆမီး မြို့ တို့ပါဝင်သည်။
Hits: 0