ထန်တလန်မြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ ခလရ(၂၆၉)အထိုင်တပ်စခန်းကုန်းကို သုံးရက်ကြာ ထိုးစစ်ဆင်ခဲ့ရပြီး ယနေ့မနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့် ရှိသူ ပြောသည်။
ထန်တလန်မြို့ သိမ်းပိုက်နိုင်ရေး စစ်ဆင်မှုကို ဇူလိုင် ၂၂ရက်မှစတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဟားခါးမှ စစ်ကူများ ထန်တလန်သို့ မလာနိုင်စေရန် ထန်တလန်- ဟားခါးကြားရှိ စစ်ကောင်စီတပ်များကို ဦးစွာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရှင်းပြသည်။ ထန်တလန်မြို့တွင်းစစ်ဆင်ရေးကို ဩဂုတ်လဆန်း၌ စတင်ခဲ့ရာ သုံးရက်မြောက်နေ့ ဩဂုတ် ၅ရက်တွင် တပ်ကုန်းကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
” ခလရ(၂၆၉) အထိုင်တပ်ကုန်းကိုတော့ အပြီးသိမ်းလိုက်တယ်။ ဒါပေမဲ့ ထန်တလန် တမြို့လုံးက စစ်ကောင်စီ ကင်းစင်သွားပြီလို့ အတက်ပြောလို့မရသေးဘူး။ အဲဒီအနီးအနားမှာ ရှိတဲ့ သူတို့ မြို့ထဲမှာ တိုက်အိမ်တွေမှာ ခိုလှုံနေတဲ့ နှစ်နေရာလောက်တော့ ကျန်သေးတာပေါ့။ အဲဒါတွေကို ဆက်လက်ပြီးတော့ ရှင်းလင်းရေးနဲ့ ချေမှုန်းရေးလုပ်နေတာပေါ့”ဟု ပြောသည်။
ချင်းသတင်းရင်းမြစ်တစ်ဦးကလည်း “စစ်တပ်ကုန်းကတော့ သိမ်းပိုက်နိုင်ခဲ့ပြီပေါ့။ အခု စကစ မြို့ထဲမှာ ထွက်ပြေးနေတဲ့သူတွေကို လိုက်ရှာပြီးမှ ရှင်းလင်းနေတုန်းဖြစ်တယ်။ တပ်ကုန်းကတော့ CNF အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ပြီ။ဒါပေမဲ့ မြို့ပေါ်ထဲမှာ ထွက်ပြေးနေတဲ့ စကစ တချို့တွေကိုလိုက်လံရှင်းလင်းရေးလုပ်နေဆဲလို့ သတင်းရတယ်။” ဟု ပြောသည်။
ထန်တလန်တပ်ကုန်း သိမ်းပိုက်မှု နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေဆဲဖြစ်၍ လက်နက်ခဲယမ်း ရရှိမှုနှင့် သေဆုံးထိခိုက်မှု အခြေအနေ အသေးစိတ် မပြောနိုင်သေးဟု ဆလိုင်းထက်နီက ပြောသည်။ “တပ်ကုန်းမသိမ်းခင်မှာ လေကြောင်းပစ်ကူတွေလာတယ်။ ပြီးတော့ ဟားခါးနဲ့ နီးနီးလေးဆိုတော့ ဟားခါးဗျူဟာကနေ လက်နက်ကြီးကတော့ တရစပ် ဆက်တိုက်ပစ်ကူပေးတာတွေတော့ရှိတယ်”ဟု ဆလိုင်းထက်နီက စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်မှ ပစ်ကူပေး တိုက်ခိုက်မှု အခြေအနေကို ရှင်းပြသည်။
လက်ကျန် စစ်ကောင်စီတပ်သားများအား ရှင်းလင်းနိုင်ပါက ထန်တလန်မြို့နယ်တစ်ခုလုံး အပြီးသတ်သိမ်းနိုင်ပြီဟုလည်း အသိပေးသည်။ “အဲဒါ နှစ်ခုပြီးရင်တော့ ထန်တလန်မြို့ထဲတင်မဟုတ်ဘဲ ထန်တလန်မြို့နယ်တစ်ခုလုံး စစ်ကောင်စီ လုံး၀ ကင်းစင်သွားပြီလို့ ပြောလို့ရပါတယ်။”ဟု ဆလိုင်းထက်နီက ပြောသည်။
ပြည်သူများ၏ ပံ့ပိုးကူညီမှု၊ CNA နှင့် CDF တပ်များ စုပေါင်း၍ အမိန့်တစ်ခုအောက်တွင် စစ်ရေး ဖော်ဆောင်ခဲ့မှုများကြောင့် အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ CNA နှင့် CDFများသည် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရစုဖွဲ့မှုဖြင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။
Hits: 1