နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားကြောင်း စစ်ခေါင်းဆောင်က ထပ်ပြောလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပေးပို့တဲ့ သဝဏ်လွှာမှာ စစ်ခေါင်းဆောင်က ထည့်ပြောလိုက်တာပါ။
ပါတီစုံဒီမိုကရေစီစနစ်ကို တည်ထောင်တဲ့အခါ တစ်ဦးနဲ့တစ်ဦး သဘောထားကွဲလွဲတာတွေရှိနိုင်ပေမဲ့ လိုလားချက်တွေကို လက်နက်ကိုင်တဲ့နည်းလမ်းနဲ့ တောင်းဆိုတာဟာ မှားယွင်းတဲ့ လမ်းစဉ်ဖြစ်ပြီး နားလည်မှုလွဲတာတွေ၊ ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့သာ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဒေသခံတိုင်းရင်းသားတွေအနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို နိုင်ငံရေးနည်းလမ်းနဲ့ စေ့စပ်ညှိနှိုင်းအဖြေရှာရေး အားပေးဆောင်ရွက်ကြဖို့လည်း စစ်ခေါင်းဆောင်က တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံတချို့က မြန်မာပြည်တွင်းပဋိပက္ခကို ဒေသတွင်းပဋိပက္ခအခြေအနေထိဖြစ်အောင် ဖန်တီးနေကြတယ်လို့ သူက စွပ်စွဲထားပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR)ကတော့ ပြီးခဲ့တဲ့ လေးနှစ်အတွင်း မြန်မာစစ်တပ်ရဲ့လက်ချက်နဲ့ အသက်ဆုံးရှုံးရတဲ့အရပ်သား ၆၂၃၁ ယောက်ရှိခဲ့တယ်လို့ ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြောထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်မှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေဟာ အရေအတွက်အရရော ဆိုးဝါး ပြင်းထန်မှုအရပါ တိုးလာတာတွေ့ရတယ်လို့လည်း ထောက်ပြထားပါတယ်။
Hits: 0