အခုနှစ်ရဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုကိုတော့ ဗင်နီဇွဲလားနိုင်ငံရဲ့ အတိုက်အခံ ခေါင်းဆောင် အမျိုးသမီးဖြစ်သူ မာရီယာ ကိုရီနာ မာချာဒိုက ကရရှိသွားခဲ့ပါတယ်။ နော်ဝေးနိုင်ငံရဲ့ နိုဘယ်လ်ဆု ရွေးချယ်ရေး အဖွဲ့က မာချာဒိုကို ၂၀၂၅ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်အနေနဲ့ ရွေးချယ်လိုက်ကြောင်း အောက်တိုဘာ ၁၀ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်
အသက် ၅၈ နှစ်အရွယ် မာချာဒိုဟာ စက်မှု အင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး အာဏာရှင် တစ်ဦးအဖြစ် သတ်မှတ်ခံရသူ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို နိုင်ငံရေးအရ စိန်ခေါ်ဆန့်ကျင် ရပ်တည်နေတာပါ။ အမှောင်မိုက်ဆုံး ကာလတွေမှာတောင် ဒီမိုကရေစီ မီးရှူးတန်ဆောင်ကို ဆက်လက် သယ်ဆောင်သွားနိုင်တဲ့ အမျိုးသမီးလို့ မာချာဒိုကို နိုဘယ်လ်ဆု ရွေးချယ်ရေး အဖွဲ့က ချီးကျူး ထောမနာ ပြုခဲ့ပါတယ်။
မျက်မှောက်ကာလ လက်တင်အမေရိက နိုင်ငံရေး ရပ်ဝန်းမှာ ထူးကဲလှတဲ့ စံနမူနာ ပြုလောက်စရာ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရပ်တည်နေတာကြောင့်လည်း မာချာဒိုကို နိုဘယ်လ် ငြိမ်းချမ်းရေး ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဆုရွေးချယ်ရေး ကော်မတီ အကြီးအကဲကတော့ မာချာဒိုဟာ ဗင်နီဇွဲလားမှာ စည်းလုံးညီညွတ်မှု သင်္ကေတ ပြယုဂ်တစ်ခုအဖြစ် ရပ်တည်နေသူလို့လည်း ပြောကြားခဲ့ပါတယ်။ ဗင်နီဇွဲလားရဲ့ ပြည်တွင်း အခြေအနေတွေမှာ မှန်ကန်တဲ့ ဒီမိုကရေစီအတွက် အလုပ်လုပ်ရတာက ခက်ခဲပြီး အန္တရာယ် များပေမယ့် မာချာဒိုဟာ ယုံကြည်မှုကို လုံးဝ အပျက်ယွင်း မခံဘဲ သတ္တိရှိရှိ ရှေ့ဆက်နေသူလို့လည်း နိုဘယ်လ်ဆု ရွေးချယ်ရေး အဖွဲ့က ဆိုပါတယ်။
နိုဘယ်လ် ကော်မတီရဲ့ လက်ရှိ ဥက္ကဋ္ဌဖြစ်သူ ဂျော်ဂန် ဝက်ဒ်နီ ဖရစ်ဒ်နက်စ်က အန္တရာယ် များလှတဲ့ အခြေအနေတွေမှာတောင် မာချာဒိုဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လုံးလုံး အင်တိုက်အားတိုက် တောင်းဆိုခဲ့ကြောင်း၊ သူဟာ ကျည်ဆန်ထက်ပိုပြီး မဲပြားတွေကို ရဲရဲရင့်ရင့် ယုံကြည် ရွေးချယ်ခဲ့ကြောင်းလည်း ပြောကြားသွားပါတယ်။ မာချာဒိုဟာ အာဏာရှင် စနစ်ကနေ ဒီမိုကရေစီဆီ ငြိမ်းချမ်းစွာ၊ မျှတစွာ ကူးပြောင်းနိုင်အောင် ကြိုးစား ရုန်းကန်နေသူလို့လည်း ဆုရွေးချယ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုဘယ်လ်ဆုကို ဒီဇင်ဘာလထဲမှာ ပေးအပ် ချီးမြှင့်မှာ ဖြစ်ပေမယ့်လည်း မာချာဒို အနေနဲ့ ကိုယ်တိုင် လက်ခံယူနိုင်မလား ဆိုတာတော့ မသေချာသေးပါဘူး။ သမ္မတ မာဒူရိုရဲ့ အစိုးရက သူ့ကို ပြည်ပထွက်ခွင့် တားဆီး ပိတ်ပင်ထားတာကြောင့်ပါ။ ဗင်နီဇွဲလားမှာတော့ အတိုက်အခံ အင်အားစုတွေဟာ အနောက်မဟာမိတ် ဒီမိုကရေစီ နိုင်ငံတွေရဲ့ အားပေး ထောက်ခံမှုတွေကို ရရှိထားပါတယ်။ မာချာဒိုဟာ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးမယ့် အနာဂတ် တစ်ခုကို ထုဆစ်နေတာ ဖြစ်ကြောင်း၊ အဲဒီ အနာဂတ်မှာတော့ ပြည်သူတွေဟာ ငြိမ်းချမ်းပြီး လွတ်လပ်စွာ နေထိုင်ခွင့် ရကြမှာဖြစ်ကြောင်း ဖရစ်ဒ်နက်စ်က ဆိုပါတယ်။
အခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ရနိုင်မလားလို့ ဆွေးနွေးငြင်းခုံမှုတွေနဲ့ သတင်းကြီးနေခဲ့ပေမယ့် ဆုရွေးချယ်ရေး အဖွဲ့ကတော့ မာချာဒိုကိုပဲ ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ထရမ့်ရဲ့ ကိစ္စကို သတင်းထောက်တွေက မေးတဲ့သလို ဆုရွေးချယ်ရာမှာ ဖိအားတွေ ဖြစ်ခဲ့သလားလို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။
ဖရစ်ဒ်နက်စ်ကတော့ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့တဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းတလျှောက် ဆုရဖို့ လှုံ့ဆော် လှုပ်ရှားတာတွေ၊ မီဒီယာ ဖိအားတွေကို ကော်မတီက ရင်ဆိုင်ခဲ့ရဖူးသလို ဘယ်အရာက ငြိမ်းချမ်းရေးအတွက် အမှန်တကယ် ဦးဆောင်နိုင်မလဲ ဆိုတာမျိုး ရေးသားပေးပို့တဲ့ အတွေးအမြင် စာလွှာပေါင်း ထောင်သောင်းချီကို နှစ်စဉ် လက်ခံ ရရှိလေ့ရှိကြောင်း၊ ဒါပေမဲ့ ဆုချီးမြှင့်မှု ထုံးစံကို စတင် သတ်မှတ်ခဲ့သူ အဲလ်ဖရက်ဒ် နိုဘယ်လ်ရဲ့ လမ်းညွှန်မှု၊ ဆန္ဒ၊ စံနှုန်းတွေနဲ့ အညီပဲ ဆုတွေကို ရွေးချယ်ခဲ့ကြောင်း ပြန်ဖြေခဲ့ပါတယ်။
မာချာဒိုဟာ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတာကြောင့် ဒေါ်လာ ၁.၁၆ သန်းနီးပါးနဲ့ ညီမျှတဲ့ ဆွီဒင် ခရိုနော်ငွေကြေး ၁၁ သန်းကို ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။ အခုနှစ် နိုဘယ်လ်ဆုတွေမှာ ဓာတုဗေဒ၊ ရူပဗေဒ၊ ဆေးပညာ၊ စာပေနဲ့ ငြိမ်းချမ်းရေးဆု ရသူတွေကို အတည်ပြု ထုတ်ပြန်ထားပြီး စီးပွားရေး နိုဘယ်လ်ဆုကိုတော့ လာမယ့်သီတင်းပတ်မှာ ကြေညာမယ်လို့ သိရပါတယ်။
Hits: 0