ရှမ်းပြည်နယ်၊ နောင်ချိုမြို့ ခမရ ၁၁၄ နှင့် ၁၁၅ တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဂျက်လေယာဉ်ဖြင့် မြို့ထဲကို ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသ ပြည်သူများက ပြောဆိုသည်။ ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၄ နှင့် ၁၁၅ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများက နောင်ချိုမြို့ထဲကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး မွန်းလွဲပိုင်းတွင် အဆိုပါ တပ်ရင်း ၂ ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် အကြမ်းဖက် စစ်တပ်က ညနေ ၃ နာရီ ခန့်မှ စ၍ ဂျက်လေယာဉ်ဖြင့် နောင်ချိုမြို့ကို ပတ်၍ ပျံသန်းကာ ဗုံးကျဲ ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။ “ဂျက်လေယာဉ်တွေ မြို့ထဲကို ကျဲနေပြီ။ တော်လျှောက်ချနေတာ။ သံလမ်းအနီးတဝှိုက် မြို့ထိပ်ပေါ့ မိုးဇလရုံးနား ခွေးဂျက်ဖိုက်တာ ဆေးရုံနားဝဲပြီး ကျဲချနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် မြေပြင်မှ ပစ်ခတ်သံများ ငြိမ်သက်နေပြီး လေယာဉ်ပျံဝဲသံသာ ကြားရကြောင်း၊ အကြမ်းဖက်စစ်တပ်သည် ဂျက်ဖိုက်တာ ၂ စီးဖြင့် မြို့ကို ပတ်၍ ဗုံးကျဲနေခြင်းဖြစ်ကြောင်း သိရှိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed