ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင်အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၀ခန့်သေဆုံးခဲ့ရပြီး ဒဏ်ရာရသူများပြားကြောင်း အဆိုပါမြို့ခံများက ပြောသည်။ ယနေ့ (နိုဝင်ဘာ ၁၂ရက်) နေ့လယ် ၂နာရီခွဲခန့်တွင် နောင်ချိုမြို့ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်နေရာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူမှာ၂၀ခန့်ရှိနေပြီး ခရီးဝေးဧည့်သည်အများစုပါဝင်သည်ဟု ၎င်းက ပြောသည်။

“လန်းဆန်းလက်ဖက်ရည်ဆိုင်ပေါ် တည့်တည့်ကျတာ”ဟု PDF ရဲဘော်က ပြောသည်။ “လန်းဆန်းတော့ မြေကွက်လပ်ပဲကျန်တယ်တဲ့။ ဒဏ်ရာရတာတွေများတယ်။ ဒဏ်ရာရဦးရေသေချာမသိရသေးဘူး” ဟု နောင်ချိုဒေသခံက ပြောသည်။ ဗုံးထိမှန်သေဆုံးသူများပြား၍ လူစုလူဝေးဖြစ်ရာ တော်လှန်ရေးရဲဘော်များက သေနတ်ပစ်ဖောက်လမ်းရှင်းနေရသည်ဟု ၎င်းက ဆက်ပြောသည်။ နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ထံ ဆက်သွယ်မေးမြန်းနေသည်။ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်သည် နိုဝင်ဘာ ၁၀ရက်တွင် တရုတ်နိုင်ငံမှပြန်ရောက်ရှိလာပြီး နောက်တစ်နေ့တွင် စစ်ကောင်စီက မြို့ရွာများ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ညပိုင်းတွင်လည်း မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူ အမျိုးသား ၁၆ ဦးနှင့်အမျိုးသမီး လေးဦး စုစုပေါင်း ၂၀ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့သည်။ ထို့အပြင် စစ်ကောင်စီသည် ယနေ့(နိုဝင်ဘာလ ၁၂ရက်)တွင် မကွေးတိုင်း ပွင့်ဖြူမြို့၊ ချင်းပြည်နယ်မင်းတပ်မြို့နှင့် ရခိုင်ပြည်နယ်အမ်းမြို့နယ်တို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသည် TNLA သိမ်းပိုက်ထိန်းချုပ်ထားသော နောင်ချိုမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေသည်။ နိုဝင်ဘာ ၁၀ ရက်ကလည်း နောင်ချိုမြို့ရှိ ရဲစခန်း၊ စျေးရပ်ကွက်နှင့် တောင်ရပ်ကွက်ကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ အောက်တိုဘာ ၁၉ရက်က နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်ခံရမှုတွင်လည်း ကလေး(၂)ဦးအပါအဝင် (၃)ဦးသေဆုံးပြီး၊ (၃)ဦး ဒဏ်ရာရခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်