ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ-၁၁၅ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ် ၃၈၀ ကျော်အထိ သိမ်းပိုက်ရရှိတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇွန်လ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

သိမ်းဆည်းရမိတဲ့အထဲမှာ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီး၊ RPG-7 ၊ ပွိုင့်- 5 စက်သေနတ်နဲ့ ချေမှုန်းရေးရိုင်ဖယ် စတဲ့ လက်နက်အမျိုးအစားမျိုးစုံ ပါဝင်ပါတယ်။ ဒီ့အပြင် လက်နက်ငယ် ကျည်ဆန် ငါးသောင်းကျော် RPG နဲ့ ၈၀ မမ၊ ၆၀ မမ စတဲ့ လက်နက်ကြီးကျည် အမျိုးမျိုး ငါးရာကျော်၊ ဗုံးသီး၊ မိုင်းနဲ့ စကားပြောစက်တွေလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နောင်ချိုမြို့ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေ အပါအဝင် မြို့ပေါ်နေရာ အားလုံးနီးပါးကို TNLA ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရးဝန်ကြီးဦးခွန်သိန်းမောင် ကလည်း ဖြေဆိုတာ မရှိပါဘူး။

ဇွန်လ ၂၅ ရက်နေ့က စပြီး ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်တွေနဲ့ မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာမြို့နယ်တွေကို TNLA နဲ့ မန္တလေးတိုင်း PDF၊ ဓနု PDFနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် မြို့သိမ်းတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေတာ ဖြစ်ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed