အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က တရုတ် ကုမ္ပဏီ BYD, Alibaba နဲ့ Baidu တို့ကို တရုတ် စစ်တပ်ကို အကူအညီ ပေးနေတဲ့ စာရင်းထဲ ထည့်သွင်းဖို့ စီစဉ်နေကြောင်း Bloomberg သတင်းဌာနက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဖော်ပြပါတယ်။ အဆိုပါ အစီအစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ကုန်သွယ်ရေး တင်းမာမှု ယာယီ ရပ်ဆိုင်းရေး သဘောတူညီချက် မရခင် ၃ ပတ်အလို အောက်တိုဘာလ ၇ ရက်နေ့မှာ လက်ထောက် ကာကွယ်ရေး ဝန်ကြီး Stephen Feinberg က လွှတ်တော်ကို အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဒါပေမယ့် အဆိုပါ ကုမ္ပဏီတွေကို အမေရိကန် ပြည်တွင်းမှာရှိပြီး တရုတ် စစ်တပ်နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီစာရင်း (1260H list) ထဲကို ထည့်သွင်းထားပြီးပြီလား ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ အခု အစီအစဉ် ထွက်ပေါ်လာတာဟာ ချက်ချင်း ပိတ်ပင်ဖို့ မဟုတ်သေးပေမယ့် တရုတ် စစ်တပ်နဲ့ ဆက်နွယ်နေမှုနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် သတိပေးခြင်းမျိုး ဖြစ်ပြီး ကုမ္ပဏီတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ သိရပါတယ်။


အခြားသော ကုမ္ပဏီ ၅ ခု ဖြစ်တဲ့ Eoptolink Technology, Hua Hong Semiconductor Ltd, RoboSense Technology, WuXi AppTec Co နဲ့ Zhongji Innolight Co တို့လည်း သုံးသပ်နေတဲ့ စာရင်းထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။ Alibaba ကုမ္ပဏီရဲ့ ပြောရေး ဆိုခွင့်ရှိသူ တဦးက “Alibaba ဟာ 1260H စာရင်းထဲမှာ ပါဝင်သင့်တယ်လို့ ကောက်ချက် ချဖို့ အကြောင်းရင်း တချက်မှမရှိပါဘူး” လို့ ပြောကြားခဲ့ပြီး Alibaba က တရုတ်စစ်တပ်ရဲ့ ကုမ္ပဏီတခု မဟုတ်သလို စစ်ဘက်အရပ်ဘက် ပေါင်းစပ်ထားတဲ့ မဟာဗျူဟာရဲ့ အစိတ်အပိုင်းလည်း မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ထပ်မံပြီး 1260H စာရင်းမှာ ပါဝင်ခြင်းက အမေရိကန် ပြည်တွင်းနဲ့ ကမ္ဘာတဝန်း ဘယ်နေရာမှာ မဆို ကုမ္ပဏီရဲ့ လုပ်ငန်း လည်ပတ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေမှာ မဟုတ်ဘဲ အမေရိကန် စစ်တပ်ရဲ့ ရောင်းဝယ်ရေး ကိစ္စတွေနဲ့ ပတ်သက်တဲ့ အလုပ်တွေကိုလည်း လုပ်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အထက်ပါ ကိစ္စနဲ့ ပတ်သက်ပြီး ပင်တဂွန် အပါအဝင် Baidu နဲ့ BYD တို့ကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် ငြင်းဆန်ခဲ့ကြ ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်