ပလက်ဝဒေသမှာ စစ်ကောင်စီ ကင်းစင်ရေး အာရက္ခတပ်တော် AA က မတိုက်ခိုက်ခဲ့ပါက ချင်းပြည် မည်သည့်နေရာမှ လွတ်မြောက်မှာ မဟုတ်ကြောင်း ချင်းညီနောင် CB ပြောခွင့်ရ ဆလိုင်းယောမာန်က ပြောဆိုပါတယ်။ ချင်းပြည်နယ်ရှိ ကျင်ဒွေး၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ ဖလမ်း စတဲ့ မြို့နယ်များကို ချင်းညီနောင် CB က သိမ်းပိုက်ထားပြီး ကျန်းမြို့နယ်များကို သိမ်းပိုက်ရရှိရေး စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်နေဆဲလည်း ဖြစ်ပါတယ်။
CB ပြောခွင့်ရ ဆလိုင်းယောမာန်က “ပလက်ဝမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ ဗျူဟာစခန်းတွေ အကုန်လုံးကိုသာ AA က မတိုက်ခဲ့ရင် ချင်းပြည်နယ် ဘယ်နေရာမှ ကျနော်တို့ စစ်ဆင်ရေး လုပ်နိုင်မှာ မဟုတ်ဘူး။ ပလက်ဝကိုသာ AA က စစ်ကောင်စီ ကင်းစင်အောင် မလုပ်ခဲ့ဘူးဆိုရင် မတူပီ လွတ်မြောက်လာစရာ အကြောင်းမရှိဘူး။ ကျင်ဒွေး လုံးဝ မလွတ်မြောက်ဘူး။ ကန်ပက်လက် မလွတ်မြောက်ဘူး။ မင်းတပ် မလွတ်မြောက်ဘူး။ လိုင်လင်းပီ တောက်လျှောက် ဘယ်နေရာမှ လွတ်မြောက်မှာ မဟုတ်ဘူး။ သူတို့ရဲ့ (စစ်ကောင်စီရဲ့) ထောင်နဲ့ချီတဲ့ အင်အားတွေ ရှိတာကို ၂၀၀, ၃၀၀ လောက်ပဲ စစ်ကူပို့လိုက်ရုံနဲ့ ကျနော်တို့ တော်တော် ခက်ခဲမှာဖြစ်တယ်။ ချင်းပြည် ဒီအတိုင်းအတာထိ လွတ်မြောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”လို့ သူက ပြောပါတယ်။
ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် AA က စစ်ကောင်စီထံမှ တိုက်ယူနိုင်ခဲ့တဲ့အတွက် ချင်းညီနောင်အဖွဲ့ဟာ အခြားမြို့များသိမ်းနိုင်ခဲ့ကြောင်း ဆလိုင်းယောမာန်က ပြောပါတယ်။ ချင်းညီနောင်အဖွဲ့ဟာ အာရက္ခတပ်တော် AA ရဲ့ စစ်ရေးအကူအညီများအပြင် မိမိ ကိုယ်ပိုင်အင်အားဖြင့် ကျင်ဒွေး၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ ဖလမ်း စတဲ့ မြို့များကို သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။ ပလက်ဝဒေသမှာ စစ်ကောင်စီ ကင်းစင်သွားခြင်းဟာ ချင်းညီနောင် CB အတွက် အရေးပါသလို အာရက္ခတပ်တော် AA အတွက်လည်း ရခိုင်ပြည်လွတ်မြောက်ရေးအတွက် အရေးပါကြောင်း ဆလိုင်းယောမာန်က ဆက်လက်ပြောပါတယ်။
“ပလက်ဝ သည် AA ရဲ့ အမျိုးသားလုံခြုံရေးပါ။ AA အတွက်လည်း ဘယ်လိုပြောမလဲ ကွန်ဖက်ဒရိတ်ထက် မနိမ့်တဲ့ သဘောလို့ပဲ ပြောပြော၊ Independent လို့ပဲ ပြောပြော ဘယ်လိုပဲပြောပြောပါ။ ဒါပေမယ့် AA အတွက် အဓိက အရေးကြီးဆုံးကတော့ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားပဲ။ အဲဒီလုံခြုံရေးခြိမ်းခြောက်မှု အကြီးဆုံးက ပလက်ဝပဲ။ ပလက်ဝမှာ စစ်ကောင်စီ ပြန်ပြီးအခြေကုပ်ယူနိုင်ရင် ရခိုင်တပြည်လုံးရဲ့ လွတ်မြောက်ရေး၊ ရခိုင်တပြည်လုံးရဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်ခံရပြီပဲ။ ပြောချင်တာက ရခိုင်ပြည်ဝင်ပေါက်က မကွေး – အမ်း၊ ပဲခူး – တောင်ကုတ်နဲ့ ဧရာဝတီ-ဂွဘက်တွေမှာ ထိန်းချုပ်ထားနိုင်ပေမယ့် ပလက်ဝမှာသာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ နေရာပြန်ဝင်ယူလိုက်ပြီဆိုရင် ဘာမှ တတ်နိုင်မှာမဟုတ်ဘူး။ ပလက်ဝက စစ်ကောင်စီတပ်သား အယောက် ၅၀၀ လောက် ဆင်းလာတာဟာ တောင်ကုတ်၊ အမ်းဖက်က အယောက် ၅၀၀၀ လောက် ထိုးစစ်ဆင်တာနဲ့ ညီမျှတာပေါ့။ အာရက္ခဒေသအတွက် လုံခြုံရေး မဟာဗျူဟာကျတဲ့အနေနဲ့ ပလက်ဝကို AA က ထိန်းထားရတယ်”လို့ ပြောပါတယ်။
ချင်းညီနောင် CB ဟာ ချင်းပြည်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး တိုက်ခိုက်မှုများ အလူးအလဲ ခံနေရချိန်မှာ ကူညီပေးနိုင်သူမရှိကြဘဲ နောက်ဆုံးမှာ AA က လက်နက်ခဲယမ်းတွေနဲ့ စိတ်ခွန်အားများ ရရှိခဲ့တယ်လို့ ဆိုထားပါတယ်။ ပလက်ဝ အရေးနဲ့ ပတ်သက်လာပါက မြေပြင်ကသာ အဆုံးအဖြတ်ပေးမှာဖြစ်ပြီး ဒေသခံပြည်သူတွေ လိုလားချက်နဲ့ ရပိုင်ခွင့်အရေးများကသာ အရေးကြီးကြောင်း ချင်းညီနောင် ပြောခွင့် ဆလိုင်းယောမာန်က ဆိုပါတယ်။
အာရက္ခတပ်တော် AA အနေဖြင့်လည်း ပလက်ဝဒေသကို အပြောခံ၊ အမုန်းခံပြီးမှ ထိန်းထား၊ ကိုင်ထားရတာဖြစ်ပြီး နောင်တွင် ပလက်ဝအရေးကို စားပွဲဝိုင်းမှာသာ ဆွေးနွေးသွားမှာဖြစ်တယ်လို့ ချင်းညီနောင်က ပြောဆိုထားပါတယ်. ပလက်ဝဒေသဟာ ချင်းပြည်နယ်ဖြစ်ကြောင်းကိုလည်း ခံယူထားတယ်လို့ ချင်းညီနောင် တာဝန်ရှိသူများက ဇွန်လ ၁၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားကြပါတယ်။


Hits: 0