မေလ ၈ ရက်မှာ ဗာတီကန်စီးတီးကိုရောက်ရှိနေတဲ့ ကမ္ဘာတဝန်းက ရဟန်းအမတ် ၁၃၀ ကျော်က ပုပ်ရဟန်းမင်းသစ်အဖြစ်အသက် ၆၉ နှစ်အရွယ် အမေရိကန်နိုင်ငံက ကာဒီနယ် ရဟန်းအမတ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ရွေးချယ်တင်မြောက်လိုက်ပါတယ်။ ကမ္ဘာတစ်ဝန်းက ကက်သလစ်ဘာသာဝင် သန်း ၁၄၀၀ ခန့်ရဲ့ ရိုမန်ကက်သလစ်အသင်း တော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတဲ့ကာဒီနယ်ရဟန်းအမတ် ရောဘတ် ပရက်ဗော့စ်ဟာ ပီရူးနိုင်ငံမှာသွားရောက်သာသနာပြုခဲ့သူလည်းဖြစ်ပါတယ်။ သူ့ကို ကာဒီနယ် ရဟန်းအမတ်အဖြစ် ၂၀၂၃ ခုနှစ်တုန်းက ပုပ်ဖရန်စစ်ကခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
“ဂိုဏ်းချုပ်ဘုန်းတော်ကြီးများသည် မိမိတို့၏ နိုင်ငံတော်အတွင်း၌သာ ထိုင်နေသည့် မင်းသားတစ်ပါးကဲ့သို့ မဖြစ်သင့်ဘဲ မိမိအမှုတော်ထမ်းဆောင်သော ပြည်သူလူထုနှင့် နီးစပ်မှုရှိရန်၊ ပြည်သူတို့နှင့်အတူ လျှောက်လှမ်းရန်၊ ပြည်သူတို့နှင့်အတူ ခံစားရန်နှင့် ပြည်သူများအကြားတွင် ဓမ္မကို ပျံ့ပွားအောင် ဆောင်ရွက်မည့် နည်းလမ်းများကို ရှာဖွေရန်” ပုပ်ရဟန်းမင်းလီယို-၁၄ ဖြစ်လာသည့် ကာဒီနယ်ရောဘတ်ဖရန့်စစ် ပရီဗို့စ်က ဗာတီကန်နန်းတော်၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ယမန်နှစ်က ရေးသားခဲ့သည်။
သူသည် အေးဆေးတည်ငြိမ်ပြီး လျှို့ဝှက်တတ်သူဟု မကြာခဏဖော်ပြခံရလေ့ရှိသည်။ ချီကာဂိုမြို့ရှိ ဘာသာရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် စိန့်ဗီယာတာ ဘုန်းတော်ကြီးဂိုဏ်း၏ အမေရိကန်နိုင်ငံဆိုင်ရာ အဖွဲ့ခွဲကို ဦးဆောင်နေပြီး ကာဒီနယ်ပရီဗို့စ်၏ ယခင်အတန်းဖော်ဖြစ်ခဲ့သူ ဆရာတော် မာ့ခ်အာရ် ဖရန်စစ်က “သူက လူအထင်ကြီးခံလိုသူ မဟုတ်ဘူး” ဟု ကာဒီနယ်ပရီဗို့စ်ကို မှတ်ချက်ပေးခဲ့သည်။
“သူက အလွန်မျှမျှတတ နေထိုင်တတ်သလို တိုင်းတာချင့်ချိန်တတ်သူလည်း ဖြစ်ပါတယ်။ အခက်အခဲ အကျပ်အတည်းတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်” ဟု ဆရာတော် ဖရန်စစ်က ပြောသည်။ “သူကဘယ်လိုကိစ္စကိုမဆို စိတ်မလှုပ်ရှားဘဲ အကြောင်းအရာ ကိစ္စတွေကို သေချာစဉ်းစားပြီး အလွန်တည်ငြိမ်တဲ့ ဦးဆောင်မှုကို ပေးနိုင်ပါတယ်”
ကာဒီနယ်ပရီဗို့စ်သည် သူ၏ဘဝအချိန်ကာလ အများစုကို အမေရိကန်နိုင်ငံပြင်ပတွင် ကုန်လွန်ခဲ့သည်။ ၁၉၈၂ ခုနှစ် အသက် ၂၇ နှစ်အရွယ်၌ ရောမမြို့တွင် သာသနာ့ဘုန်းတော်ကြီးအဖြစ် ခန့်အပ်ခံရပြီး ရောမမြို့ Pontifical University of St. Thomas Aquinas မှ ဘာသာရေးဥပဒေဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။
ပီရူးနိုင်ငံတွင် သာသနာပြု၊ ရပ်ကွက်ဘုန်းတော်ကြီး၊ ဆရာနှင့် ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အော်ဂတ်စတင်းအဖွဲ့၏ ခေါင်းဆောင်အဖြစ် သူသည် ကမ္ဘာတစ်ဝန်းရှိ အဖွဲ့ဝင်များထံ သွားရောက်ခဲ့ဖူးသည်။ စပိန်နှင့် အီတလီ ဘာသာစကားများကိုလည်း ပြောဆိုနိုင်သည်။ ယခင်ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပရီဗို့စ်အား ၂၀၂၃ ခုနှစ်တွင် သူ၏ ကာဒီနယ်အဖြစ် ခန့်အပ်သည့် အနီရောင်ဦးထုပ်ကို ပေးအပ်ခဲ့ပြီးနောက် ကာဒီနယ်ကောလိပ်၏ အဖွဲ့ဝင်သစ်များထဲမှ တစ်ဦးဖြစ်လာခဲ့သည်။





Hits: 0