စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာ ရဲစခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေချိန် လာရောက် ဗုံးကြဲပစ်ကူတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ် တစ်စီးကို ဒီကနေ့ ဇွန်လ ၁၀ရက် မွန်းလွဲ ၁၂နာရီ ၁၅ မိနစ်ခန့်တွင် ပစ်ချ နိုင်ခဲ့ပြီး လေယာဉ်မှူးလည်း ခန္ဓာကိုယ် တစစီဖြစ်ကာ သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာ ရဲစခန်းကို သိမ်းပိုက်နိုင်ရေးကို ဇွန်လ ၂ ရက်ကစလို့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး ဒီကနေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီရဲ့ တရုတ်ထုတ် ဂျက်ဖိုက်တာ FTC-2000g အမျိုးအစား တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ထုတ်ပြန်ထားပါတယ်။
“လေယာဉ်က သုံးစီးလာတာ။ Y-12 ရယ်၊ FTC-2000g (ဂျက်ဖိုက်တာ တိုက်လေယာဉ်) နှစ်စီးရယ်၊ Y-12 နဲ့ ကန့်ဒေါင့်ရွာကို ဗုံးကြဲတဲ့ ဂျက်ဖိုက်တာ တစ်စီးက ပြန်သွားပြီ။ ဒီပစ်ချခဲ့တဲ့ တိုက်လေယာဉ်က ကန့်ဒေါင့်ရွာကို ဗုံးကြဲတာမဟုတ်ဘူး။ တခြားရွာတွေကို ဗုံးပတ်ကြဲနေတဲ့ကောင်။ အဲ့တာကို ကင်ထည့်လိုက်တာ” လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။ တိုက်လေယာဉ် ပျက်ကျမီးလောင်သလို အနီးအနားက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ မီးလောင်ပြီး လေယာဉ်ပျက် အပိုင်းအစတွေကြားက လေယာဉ်မှူးရဲ့ အလောင်းအပိုင်းအစတွေလည်း တွေ့ရတယ်လို့ မြေပြင်မှာ ရှိနေတဲ့ ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးကလည်း ပြောပါတယ်။
“ အလောင်း အပိုင်းအစတွေ ရတယ်။ လေယာဉ်မှူးဆောင်းတဲ့ ဦးထုပ်နဲ့ အပိုင်းအစတွေ ရတာ။ ကန့်ဒေါင့်ရွာကို လာပစ်တဲ့ လေယာဉ်မဟုတ်ဘူး။ ဆီးဖြူကုန်းကို လာပစ်တဲ့ လေယာဉ်ပါ။ မိုးလေဝသ အခြေအနေကြောင့် တော်တော်လေးကို နိမ့်ဆင်းပြီး ပျံတာ” လေယာဉ်က ပျက်ကျသလား၊ ပစ်ချခံရတာလားဆိုတာ အတိအကျ အတည်မပြုနိုင်သေးဘူးလို့ မြေပြင်မှာ ရှိနေတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
ကန့်ဒေါင့်ရွာ ရဲစခန်းသိမ်း တိုက်ပွဲအတွင်း မြေပြင်မှာ အထိနာ အသေများတဲ့ စစ်ကောင်စီ က ဇွန်လ ၃ရက်က စတင်ကာ ကန့်ဒေါင့်ရွာကိုသာမက ပုလဲနယ်တနယ်လုံးကို နေ့ရောညပါ တရစပ် လေကြောင်းဗုံးကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။ အထက်ပါ တိုက်လေယာဉ် မပျက်ကျမီ ဒီကနေ့ ဇွန်လ ၁၀ရက် မနက်ပိုင်းမှာတင်ပဲ တိုက်လေယာဉ်နဲ့ ၁၆ကြိမ်အထိ လာရောက် ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။လက်ရှိ လေယာဉ်ပျက်ကျပြီးချိန်မှာလည်း စစ်အုပ်စု တရစပ် တိုက်လေယာဉ်တွေနဲ့ လာရောက် ဗုံးကြဲနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကန့်ဒေါင့်ရွာရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ က ပုလဲတနယ်လုံကို နေ့ရောညပါ ဗုံးကြဲသတ်ဖြတ်နေပြီး ဗုံးထိမှန်လို့ မင်းတိုင်ပင်ရွာက အဖိုးအို တစ်ဦး အပါအဝင် ဒေသခံ နှစ်ဦးထက်မနည်း သေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရပြီး မင်းတိုင်ပင်၊ ဦးနှောက်၊ မြေနီကန်၊ ညောင်ရင်းကုန်း၊ သာယာကုန်း၊ သရက်ကန်၊ ထန်းတောတိုက်၊ သပြေကုန်း၊ အင်ကြင်းစု၊ မန်ကျည်းစု၊ ကိုင်းတွင်း၊ ဆူးပုပ်ကုန်း၊ သရက် စတဲ့ ပုလဲနယ် ကျေးရွာ ၂၀ ကျော်က ပြည်သူ ၂၅,၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရပါတယ်။
လက်ရှိမှာ မိုးရွာသွန်းနေတာကြောင့် စစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။ ပုလဲမြို့နယ် အတွင်း ကန်ဒေါင့်၊ အင်မထီး၊ ဇီးဖြူကုန်းနဲ့ ပုလဲမြို့ပေါ်မှာ စစ်ကောင်စီ နဲ့ ပျူတွေ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
စစ်ကောင်စီက တိုက်လေယာဉ်နှင့်စစ်ရဟတ်ယာဉ်များ ပစ်ချခံရ ၍ ပျက်ကျတိုင်း စက်ချို့ယွင်း၍ ပျက်ကျသည်ဟု အမြဲလိုလို လိမ်လည်သတင်း ထုတ်ပြန်လေ့ရှိသည်။ မေလ ၂၀ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာပို့သော စစ်ရဟတ်ယာဉ် ၂ စီးကို KIA က အသေခံဒရုန်းများဖြင့် ပစ်ချနိုင်ခဲ့ပြီး ယင်းရဟတ်ယာဉ် ပျက်ကျမှုကိုလည်း စစ်ကောင်စီက စက်ချို့ယွင်း၍ ပျက်ကျခဲ့သည်ဟု လိမ်လည် သတင်းထုတ်ပြန်ခဲ့သည်။






Hits: 0