ချင်းပြည်ကောင်စီ (CC) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၃ ရက်မှာ တွန်းဇံမြို့နယ် ကျီခါးမြို့ အနီး ဖမ်းဆီးခဲ့တဲ့ ဆပ်ပြာဗူး ၁၁၀၀ ပါတဲ့ မူးယစ်ဆေးဝါး များကို ချင်းအမျိုးသား တပ်ဦး ဌာနချုပ်ရှိရာ ဗစ်တိုးရီးယား စခန်းမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ၁၀ နာရီမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရ ပါတယ်။ အဆိုပါ အခမ်းအနားမှာ ချင်းပြည်ကောင်စီက ဝန်ကြီးများ၊ လွှတ်တော် အမတ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ချင်းအမျိုးသားတပ်ဦး တပ်မတော်မှ အရာရှိများ၊ ဗဟိုတရားရုံးမှ အဖွဲ့ဝင်များနဲ့ ရဲဘော်၊ ရဲမေများ၊ မဟာမိတ် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။
အလားတူ မီဇိုရမ်ဘက်မှ Farkawn ကျေးရွာ Young Mizo Association (YMA) ဥက္ကဌ နဲ့ အတွင်းရေးမှူး အပါအဝင် Farkawn ကျေးရွာကောင်စီ ဥက္ကဌ တို့လည်း အဆိုပါ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်းအခမ်း အနားကိုတက်ရောက်ပြီး အမှာစကားများပြောကြားခဲ့ကြတယ်လို့သိရပါတယ်။ အဆိုပါ မူးယစ်ဆေးဝါးများကို ကျီခါးမြို့အနီးမှာ ဖမ်းဆီးခဲ့ပြီး အလေးချိန် အားဖြင့် ၅၅၀၀ ကီလိုဂရမ် ရှိတယ်လို့ သိရပါတယ်။ လက်ရှိပေါက်စျေးဖြင့် ကျပ်သိန်းပေါင်း ၅၀၀၀ ခန့်တန်ဖိုးရှိမယ်လို့ယူဆသလို မီဇိုရမ် ဘက်ကို ရောက်ပါက အဲဒီစျေးထက် ၃ဆ ပိုနိုင်ကြောင်း ဆလိုင်းထက်နီမှ ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားကို ဝန်ကြီးချုပ် ပူးပါထန်း၊ YMA ဥက္ကဌ Pu Mawia ၊ YMA အတွင်းရေးမှူး Pu Para နဲ့ Farkawn ကျေးရွာကောင်စီ ဥက္ကဌ Pu Laramlian တို့မှ မူးယစ်ဆေးဝါးများကို မီးတိုင်ဖြင့် မီးရှို့ဖျက်ဆီးပြီး အောင်မြင်စွာ အဆုံးသတ်ခဲ့တယ်လို့ Chinland Information Center – CIC က ဖော်ပြ ထားပါတယ်။


Hits: 0