တိုက်ပွဲပြင်းထန်နေသည့် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်ရှိ ခွန်လုံး (Kuanglung) ရွာကို ဇန်နဝါရီ ၄ ရက် ညသန်းခေါင်၌ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲသောကြောင့် စစ်သုံ့ပန်း ၇ ဦးနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း သိရသည်။ နှစ်ကြိမ် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ချင်းညီနောင်တပ်ဖွဲ့၏ စစ်သုံ့ပန်းထိန်းသိမ်းထားသည့် စာသင်ကျောင်းပေါ် ကြဲခဲ့သောကြောင့် ထိုသို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် CNDF က ဆိုသည်။

CNDF ၏ ပြောခွင့်ရသူ ဆလိုင်းတင်မီထွဋ်က “စစ်ကောင်စီက ဒီတရွာထဲမဟုတ်ပါဘူး။ တခြားရွာတွေမှာလည်း စစ်ရေးနဲ့ မဆိုင်တဲ့ ရွာတွေကြဲတာပေါ့။ ရွာတိုင်းလိုလို ဗုံးကြဲနေတာ ရှိတယ်။ လက်နက်ချ အလင်းဝင်လာတဲ့သူတွေကို ဗုံးကြဲတာဟာ စစ်ကောင်စီရဲ့ ယုတ်မာမှုက ထင်ရှားပါတယ်” ဟု ပြောသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း လေးဦး ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနှင့် ဆေးပေးခန်းလည်း ပျက်စီးသွားကြောင်း ဆိုသည်။

ဖလမ်းမြို့တွင် တခုတည်းကျန်ရှိသည့် ခလရ ၂၆၈ တပ်ကုန်းကို ချင်းညီနောင်ပူးပေါင်းတပ်များက ဆက်လက် ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖလမ်းမြို့အနီးရှိ ကျေးရွာ ၅ ရွာထက်မနည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed