ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း CNA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၃ ရက်နေ့ ကလေးမြို့ဘက်မှ ဖလမ်းမြို့ဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို CNA အပါအဝင် ချင်းတော်လှန်ရေး တပ်ပေါင်းစုက ခွန်မ်းလီကျေးရွာ (Khuangli) တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁၀ ဦးသေဆုံးကာ ၂ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ဇန်နဝါရီလ ၃ ရက်နေ့က ဖလမ်းမြို့နယ်မှာ ချင်းအမျိုးသားတပ်ဦး (CNA) ဦးဆောင်အဖွဲ့နဲ့ ကလေး ကနေလာတဲ့ စစ်သား ၅၀၀ လောက်က ဖလမ်းမရောက်ခင် ခွန်မ်းလီကျေးရွာ (Khuangli) မှာ တိုက်ပွဲဖြစ်တယ်။ အဲတိုက်ပွဲမှာ Chinland တပ်ပေါင်းစုက လက်နက်တွေရတယ်။ စစ်သုံ့ပန်း ၂ ဦးဖမ်းမိတယ်” ဟု CNA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန် ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ချင်းတော်လှန်ရေးတပ်များက ခွန်မ်းလီကျေးရွာ (Khuangli) ရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦး အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။
စစ်တပ်မှ စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၁၀ လက် MA-1 ၁ လက်၊ MA-4 ၃ လက်၊ MA-2 ၂လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊ RPG (၁) လက် ၊ အီနာဂါ နဲ့ ကျည်ဆန် ၁၀၀၀ ကျော် ၊ ကျည်ဘောက် ၄၀ ကျော် အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ စွာတို့ဖြစ်ပါတယ်။ စစ်တပ် စစ်ကြောင်းမှာ ခွန်မ်းလီကျေးရွာ (Khuangli)အနီး တပ်စွဲထားသော စခန်းကုန်းမှလည်း ပြန်လည် ဆုတ်ခွာ ထွက်ပြေး သွားကြောင်း သိရှိရသည်။


Hits: 0
