ချင်းညီနောင်သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ကိုပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ ဒီကနေ့ (နိုဝင်ဘာ ၁၇ရက်)မနက်ကစ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ကို ချင်းညီနောင်ရဲဘော်တွေအပြင် ချင်းပြည်ကောင်စီ ရဲဘော်တွေပါ ပူပေါင်းတိုက်ခိုက်နေကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။
စစ်ကောင်စီစစ်တပ်ဟာ ကလေးတောင်ပိုင်းနဲ့ ကလေးမြောက်ပိုင်း စစ်ကြောင်းထိုးပြီးတဲ့နောက်ပိုင်း အောက်တိုဘာ ၂၉လောက်ကနေ ချင်းပြည်နယ်ကို ဦးတည်စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ ကလေးမြို့နယ်ကနေ သိုင်းငင်းဘက်ကို ထိုးစစ်ဆင်သလို ဝေဘူလမြို့ကနေတဆင့် ဖလမ်းမြို့နယ်ဘက်ကို ထိုးစစ်လာတာရှိတယ်လို့ အသိပေးပြီး အခုတိုက်ပွဲဖြစ်တာက ဝေဘူလက တဆင့်လာတဲ့ စစ်ကြောင်းနဲ့ ဖြစ်တယ်လို့ ဆလိုင်းတင်မီက ပြောပါတယ်။ “အဲဒီစစ်ကြောင်းက အောက်တိုဘာ ၂၉ လောက်ကနေ ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုးဖို့ရန်အတွက် သူတို့ တက်လာတယ်။ တက်လာတဲ့ စစ်ကြောင်းက လူဦးရေက ၄၀၀ကနေ ၅၀၀ကြားလောက်ဖြစ်ပါမယ်။”လို့ ဆလိုင်းတင်မီက ပြောပါတယ်။
နိုဝင်ဘာ ၃ရက်မှာ ဝေဘူလမြို့ကို စစ်ကောင်စီတပ်က ပြန်ထိန်းနိုင်ပြီး ဝေဘူလကတဆင့် ဖလမ်းမြို့ဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ချန်အင်အား ၁၀၀လောက်ထားပြီး လူဦးရေ ၃၀၀လောက်နဲ့ တက်လာလို့ ထိတွေ့မှု ဖြစ်ခဲ့သလို ဖလမ်းမြို့နဲ့ (၁၂)မိုင်လောက်အကွာ မဏိပူရမြစ် တဖက်ခြမ်းက ရွာတွေကို ခြေကုပ်ယူထားတာဖြစ်တယ်လို့ ဆလိုင်းတင်မီက ပြောပါတယ်။
“ဒီနေ့ နိုဝင်ဘာ ၁၇ရက် မနက် ၈နာရီခွဲလောက်ကနေ ထိတွေ့မှုလေးတွေရှိတာပေါ့။ မနေ့ညပိုင်းကနေ သူတို့ဘက်က လှုပ်ရှားမှုတွေရှိတဲ့အခါကျတော့ ဒီနေ့မနက် မနက်ပိုင်းမှာ မဏိပူရမြစ်ကို သူတို့ ကျော်ဖို့ရန်အတွက် ကြိုးစား လာတာပေါ့နော်။ အဲဒီကနေ ထိတွေ့မှုတွေ ဖြစ်လာတာဖြစ်ပါတယ်။ စစ်ကောင်စီ ဘက်က သေဆုံးမှုနဲ့ တခြားဟာတွေ လက်နက်သိမ်းတဲ့ဟာတွေရှိတယ်လို့ ကျနော်တို့ကြားသိရပါတယ်”လို့ ဆလိုင်းတင်မီက ပြောပြပြီး အရေအတွက်အသေးစိတ် အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေနောက်မဆုတ်ဘူးဆိုရင် တိုက်ပွဲ ဆက်လက်ပြီးပြင်းထန်မယ့်အခြေအနေမှာရှိလို့လည်း ပြောပါတယ်။ နိုဝင်ဘာ ၁၇ရက် နံနက် ၈နာရီခွဲလောက်က စတင်တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နေ့လည်ပိုင်းမှာ စစ်တပ်က Y12နဲ့ ဗုံးချသလို တိုက်လေယာဉ်နဲ့ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
“ကျနော်တို့က ကျနော်တို့ရဲ့ သိမ်းထားတဲ့ မြေတွေကို အကောင်းဆုံးနဲ့ အတက်နိုင်ဆုံး အစွမ်းကုန် ချင်းညီနောင်အနေနဲ့ရောဖြစ်ဖြစ် ကျနော်တို့ တားဆီးဖို့ရန်အတွက်လုပ်ထားပါတယ်။ အတက်နိုင်ဆုံး ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ မြေပြင်အခြေအနေမှာကျတော့ ဖလမ်းဘက်မှာကျတော့ ချင်းညီနောင်တခုတည်းမဟုတ်ပါဘူး။ ဒီဘက် ချင်းလဲန်းကောင်စီဘက်က ရဲဘော်တွေလည်း ဝင်ပြီးတော့ စကစ စစ်ကြောင်းကို ပြန်လည်ခုခံနေတဲ့အခြေအနေမှာရှိပါတယ်။ အားလုံးမြေပြင်မှာကျတော့ပူးပူးပေါင်းပေါင်းနဲ့ ခုခံနေတဲ့ အခြေအနေမှာရှိပါတယ်” လို့ ဆလိုင်းတင်မီက ပြောပါတယ်။
တဖက်မှာလည်း သိုင်းငင်းဒေသဘက်က စစ်ကောင်စီတပ်စစ်ကြောင်းတွေရှိနေပြီး ချင်းညီနောင်အဖွဲ့ဖြစ်တဲ့ PDF ဇိုလဲန်းက ခုခံကာကွယ်နေတယ်လို့ ပြောပါတယ်။ ” တက်နိုင်သလောက် ထိုးစစ်ကို ပြန်ပြီးတော့ ခုခံနေတဲ့ အခြေအနေမှာရှိပါတယ်။ သူတို့လည်း ဖလမ်းဘက်ကို စစ်ကြောင်းထိုးဖို့ ဝင်လာနိုင်တဲ့ အခြေအနေတော့ရှိပါတယ်”လို့ ဆလိုင်းတင်မီက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့ ကလေးမြို့နယ်တောင်ပိုင်းက ပြည်သူတွေဟာ ချင်းပြည်နယ် ကို စစ်ရှောင်လာသလို ဖလမ်းမြို့နယ် အရှေ့ခြမ်းက ဒေသခံတွေလည်း စစ်ရှောင်နေရလို့ စစ်ရှောင်လူဦးရေ သောင်းချီရှိတယ်လို့ အသိပေးပါတယ်။
“၁၀နှစ်အောက်ဆိုရင် ၃၀၀၀လောက်ရှိတယ်။ ကလေးလူကြီး အပါအဝင် အားလုံး နှစ်သောင်းကျော်လောက်စစ်ရှောင်နေတဲ့ အခြေအနေမှာရှိတယ်။ အခုက ဆောင်းရာသီလည်းဖြစ်တဲ့အတွက်ကြောင့် တအားအေးတယ်။ ဒီဟာတွေလည်း အကူအညီတွေ လိုအပ်တယ်။ အနွေးထည်တွေ စောင်တွေ စားစရာတွေပေါ့နော်။ စစ်ရှောင်တွေအတွက်လည်း မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ ပြည်သူများတွေလည်း အဘက်ဘက်ကနေ ကူညီပေးနိုင်မယ်ဆိုရင် ဝိုင်းပြီးတော့ ကူညီကြပါလို့ ပြောကြားချင်ပါတယ်” လို့ ဆလိုင်းတင်မီက နှိုးဆော်ပါတယ်။ အဓိက လိုအပ်ချက်ဟာ ဆေးဝါး၊ စားဝတ်နေရေး၊ စောင်၊ အနွေးထည်တို့ ဖြစ်ပြီး ကူညီပေးနိုင်သူတွေအနေနဲ့ ကူညီပေးကြဖို့နဲ့ CNO/CNDF တပ်ဖွဲ့သို့ ဆက်သွယ်ကူညီပေးနိုင်ကြောင်း တိုက်တွန်းထားပါတယ်။
Hits: 0
