ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို သိမ်းပိုက်ရရှိရေး KIA ဦးဆောင်သော တော် လှန်ရေးတပ်များက ထိုးစစ်ဆင်လျက်ရှိရာ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း အပါအဝင် တပ်ရင်းဌာန ၃ ခုကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ဖမ်းဆီးရရှိကြောင်း KIA နှင့် Kachin PDF သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း အမှတ် ၅၀၁၄ တင့်ကားတပ်ကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယမန်နေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ဗန်းမော်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ အရာရှိနှင့်စစ်သည် ၄၀ ကျော် အရှင်ဖမ်းဆီးရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ “တင့်ကားတပ်ရင်းကို သိမ်းမိတာ ရက်တော့နည်းနည်းကြာနေပြီ။ သတင်းမထုတ်ဘဲ ထားခဲ့တာပါ။ လက်ရှိ သိမ်းပိုက်ရရှိထားတာက အမြောက်တပ် ၃၆၆ ၊ အမှတ် ၆၀၀၇ သံချပ်ကာတပ်နဲ့ အမှတ် ၅၀၁၄ တင့်ကားတပ်တွေ ဖြစ်ပါတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် စကခ ၂၁ ၊ ခလရ ၂၃၆ ၊ ခလရ ၄၇ ၊ လေ့ကျင့်ရေးတပ်နှင့် ဒုံးတပ်ရင်းများ ကျန်ရှိနေပြီး KIA ဦးဆောင်သော တော်လှန်ရေး တပ်များက ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရှိရသည်။ ဗန်းမော်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်သား ၆၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။

သို့ရာတွင် မိမိတော်လှန်ရေးတပ်များဘက်မှလည်း ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း ရှေ့တန်းရောက် Kachin PDF သတင်းရင်းမြစ်က ဆိုသည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ KIA ၊ KPDF အပါအဝင် တော်လှန်ရေး တပ်ပေါင်းစုက စတင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်