မကွေးတိုင်း၊ ငဖဲမြို့နယ် ဂုတ်စည်းရိုးကျေးရွာအနီးရှိ စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း သိရသည်။ စစ်ကောင်စီ၏ ဂုတ်စည်းရိုးစခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်းတွင် AA နှင့်ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၈၀ ခန့် သေဆုံးကြောင်း သိရသည်။ “အထက်အမိန့်မရဘဲ ဂုတ်စည်းရိုးခံစစ်ကနေ အရာရှိ နဲ့တပ်ဖွဲ့ဝင်တွေ ဆုတ်သွားတာ တုံးကြီးဘက်ကို။ တာဝါတိုင်ဘက်ဆုတ်တဲ့ တပ်ဖွဲ့တွေ ပိတ်မိပြီး လက်နက်ချလိုက်ရတယ်ပြောတယ်”ဟု သိရသည်။
ဂုတ်စည်းရိုးစခန်းမှ ဆုတ်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တာဝါတိုင်စခန်းကုန်းတွင် ပိတ်မိနေပြီး ယနေ့ ဖေဖော်ဝါရိ ၃ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ တာဝါတိုင် စခန်းကိုပါ AA ကသိမ်းပိုက်လိုက်ကြောင်း သိရသည်။ စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံ ဗျူဟာနှစ်ခုနှင့် တပ်ရင်းခြောက်ရင်း ခံစစ်ပြင်ထားသည့် ဂုတ်စည်းရိုးစခန်း သိမ်းပိုက်ခံလိုက်ရချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လက်နက်ချပြီး လက်နက်ခဲ ယမ်းများကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့မှစကာ အဆိုပါဂုတ်စည်းရိုးစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီနှင့် AA တို့ ဒရုန်းများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နတ်ရေကန် စခန်း၌ ခံစစ်ပြင်နေပြီး ကာကင်းခစန်းအချို့ နှင့် ကျေးရွာခံစစ်များကို AA က သိမ်းပိုက်သွားပြီဖြစ်ကြောင်း သိရသည်။ အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်နှင့် နယ်ချင်းစပ်နေသည့် ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်ပါ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး တိုက်ပွဲများ ဖော်ဆောင်လျက် ရှိကြောင်း သိရသည်။
Hits: 0