ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲ ချင်းညီနောင်စစ်ဆင်ရေးအတွင်း မုံရွာခရိုင် အမှတ် ၃ တပ်ရင်းက ပူးပေါင်းပါဝင်ခဲ့ပြီး အောင်ပွဲနဲ့အတူ ပြန်လာတဲ့ ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။ ဖလမ်း-မင်းတပ်မြို့သိမ်း စစ်ဆင်ရေးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၉ ရက်နေ့ကတည်းက စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်မှာ မင်းတပ်မြို့ကို အပြီးသတ်သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ စစ်ကိုင်းတိုင်း မုံရွာခရိုင် အမှတ် ၃ တပ်ရင်း တပ်ခွဲ ၂ ပြည်သူ့ကာကွယ်ရေးတပ်မတော် (Mahauurar Dragon) နဲ့ Yaw Defense Force (YDF) ၊ Yaw Army (YA) တို့ ပူးပေါင်းပါဝင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် တပ်ရင်း ၃ က ရဲဘော်စစ်သည် ၇ ဦး ကျဆုံးခဲ့သလို ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၅ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်ရင်း ၃ ၊ တပ်ခွဲ ၂ Mahauurar Dragon PDF တာဝန်ရှိသူက ပြောပါတယ်။
ချင်းညီနောင် စစ်ဆင်ရေးအတွင်း မင်းတပ်၊ ဖလမ်းနဲ့ ကန်ပက်လက်တို့ကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီးမှာ စစ်ဆင်ရေး ပူးပေါင်းပါဝင်ခဲ့တဲ့ Mahauurar Dragon PDF ကို ချင်းညီနောင်အဖွဲ့က စစ်ဘက်ဆိုင်ရာ လက်နက်ခဲယမ်းတွေဖြစ်တဲ့ G3 ၁၀ လက်၊ G3 ဘောက် ၃၀ ၊ G3 ကျည်တောင့် ၂၀၀၀ တို့လည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး စခန်းစွန့်ခွာထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချင်းညီနောင်အဖွဲ့က လိုက်လံဖမ်းဆီးရာမှာ ရာဂဏန်းနီးအထိ ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကလည်း ပြောထားပါတယ်။ မင်းတပ်-ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ နီးပါးဟာ လက်နက်ချ အလင်းဝင်မှုလည်း ရှိခဲ့ပါတယ်။



Hits: 0
