ရန်ကုန်-ပြည်လမ်းပိုင်း၊ မင်းလှမြို့နယ်အနီးရှိ စစ်ကွင်းတာဆုံတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ဗိုလ်မှူးအဆင့်တဦး၊ ရဲမှူးအဆင့် ၂ ဦးအပါဝင် ၂၀ ခန့် သေဆုံးတယ်လို့ သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့လည်း ဖေါ်ပြပါတယ်။

ဇွန် ၁၆၊ ညနေ ၄ နာရီခွဲခန့်မှာ မင်းလှမြို့နယ်၊ ဆင်အိုင်ချောင်းပေါက်ကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၆၀ ပါ စစ်ကောင်စီနဲ့ ပျုစောထီး စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ၄၅ မိနစ်ကြာ ပထမ အကြိမ် တိုက်ပွဲဖြစ်ပါတယ်။ ၅ နာရီခန့်မှာတော့ ရန်ကုန်-ပြည်လမ်းပိုင်း၊ မင်းလှမြို့နယ်အနီးရှိ စစ်ကွင်းတာဆုံမှာ အထိုင်ချပြီး ငွေကြေးကောက်ခံတာ၊ ပေါ်တာဆွဲတာတွေ ဆောင်ရွက်နေတဲ့ ရဲကင်းခစန်းကို ဝင်တိုက်ရာမှာ စစ်သား ၅ ဦးသေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေစဉ် ဆင်အိုင်ချောင်းပေါက်ဖက်က တဆင့် စစ်ကူလာတဲ့ အဖွဲ့နဲ့ ထပ်မံတိုက်ပွဲဖြစ်တယ်လို့ ဖေါ်ပြပါတယ်။ ဒီလိုတိုက်ပွဲဖြစ်နေစဉ်မှာ ပြည်ဘက်ကနေ ရန်ကုန်ဘက်သို့ မောင်းနှင်လာတဲ့ အိမ်စီးကား တစီးဟာ တော်လှန်ရေးတပ်တွေက တားဆီးတာကို သတိမမူဘဲ ဆက်မောင်းသွားတဲ့အတွက် စစ်တပ်ရဲ့ ပစ်ခတ်မှုကိုခံရပြီး အရပ်သား ၃ ဦးသေ၊ ၄ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

တခါ ဇွန် (၁၇)ရက်၊ မနက်အစောကြီး ၂ နာရီခန့်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တဲ့အတွက် ဖားလေးကွင်းကျေးရွာ ၊မြောက်စုရှိ နေအိမ်တလုံးပေါ် ကျရောက်ပြီး အသက် (၈၀)အရွယ် အဖွားတဦးသေဆုံး၊ အခြား တဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ၂ ရက်တာ တိုက်ပွဲကို စာရင်းချုပ်တဲ့အခါ စစ်ကောင်စီဖက်က ဗိုလ်မှူးဆင့် တဦး၊ ခရိုင်ရဲမှူး တဦး၊ မြို့နယ်ရဲမှူးတဦးအပါဝင် ၂၀ ခန့်သေဆုံးတာ အတည်ပြုနိုင်တယ်လို့ ဖေါ်ပြပါတယ်။

ဒီစစ်ဆင်ရေးကို PDF တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း၊ သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်း၊ ဧရာညီနောင်PDF ၊ MDF (Special Force) နဲ့ Asho Chin Defense Force (ACDF) တို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဖေါ်ပြထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed