ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာရှိ ချင်းအမျိုးသားတပ်မတော် CNA နှင့် ချင်းပြည်အစိုးရ Chinland Council (CC) တို့ ပိတ်ထားသည့် မဏိပူရမြစ်ကူးတံတားကို ပြန်ဖွင့်ပေးရန် ဒေသခံပြည်သူများက ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။ တီးတိန်မြို့နယ်တွင် ကုန်သွယ်စီးဆင်းမှုနှင့် ပြည်သူများ လူမှုရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များတွင် နှောင့်နှေးစေသည့်အတွက် တံတားကို အမြန်ဆုံး ပြန်ဖွင့်ပေးရန် ဒေသခံပြည်သူ ၅၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
“အများပြည်သူတွေ အသုံးပြုတဲ့လမ်းတံတားကို ပြည်သူတွေကို အသိပေးခြင်းမရှိ၊ သဘောတူညီမှု ရယူခြင်းမရှိပဲ ပိတ်ထားလိုက်တယ်။ အဲဒီအတွက် လမ်းတံတား ပြန်ဖွင့်ပေးဖို့ ဒေသခံတွေက စုပေါင်းပြီး ဆန္ဒပြတောင်းဆိုတာဖြစ်ပါတယ်” ဟု တီးတိန်ဒေသခံတစ်ဦးက Tongsan Media ပြောသည်။ အဆိုပါ တွီးထန်ကျေးရွာရှိ မဏိပူရမြစ်ကူးတံတားကို CNA နှင့် CC ပူးပေါင်းတပ်တို့က ဇန်နဝါရီ ၅ ရက်နေ့တွင် စခန်းချပြီး ပိတ်ထားခြင်းဖြစ်သည်။ ထို့အပြင် CNA / CC ပူးပေါင်းတို့သည် တီးတိန်မြို့တွင် တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေသည့်အတွက် တိုက်ပွဲဖော်ဆောင်ခြင်းမပြုလုပ်ရန် ဇန်နဝါရီ ၉ ရက်နေ့တွင် တီးတိန် ဒေသခံပြည်သူများက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ဒေသခံပြည်သူများ၏ ပြောဆိုချက်နှင့် ပတ်သက်၍ တုံ့ပြန်မှုရရန် CNA နှင့် CC အဖွဲ့ဝင်ဖြစ်သည့် PDA (တီးတိန်) တာဝန်ရှိသူများကို ဆက်သွယ်ထားသော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိပါ။ လက်ရှိတွင် PDA (တီးတိန်) ၏ ပစ္စည်းများ ကြိုတင်ပြောင်းရွှေ့ခိုင်းမှုကြောင့် ဒေသခံပြည်သူများသည် တီးတိန်မြို့သိမ်း တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေသည့်အတွက် မြို့ကိုစွန့်ခွာသူ ထောင်ဂဏန်းရှိပြီး တစ်ရက်ထက် တစ်ရက်ပိုများလာကြောင်း သိရသည်။
Hits: 0