ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီမြို့နယ်ထဲက ပဋိပက္ခများကို သက်ဆိုင်ရာ CDF-Matupi တပ်မဟာ ၁၊ တပ်မဟာ ၂ နဲ့ မတူချင်း ဓမ္မအမှုတော်ဆောင်များမိတ်သဟာယအဖွဲ့တို့ဟာ လာမယ့်ဒီဇင်ဘာလ ထဲမှာ သုံးပွင့်ဆိုင် တွေ့ဆုံနိုင်ဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။ မတူချင်း ဓမ္မအမှုတော်ဆောင်များမိတ်သဟာယအဖွဲ့ ရဲ့ ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လအတွင်း CDF-Matupi တပ်မဟာ (၁) အပြင် တပ်မဟာ (၂) နဲ့လည်း နှစ်ကြိမ် ဆီတွေ့ဆုံခဲ့ပြီးဖြစ်ကာ ငွေကြေးပိုင်း အဆင်ပြေပါက လာမယ့် ဒီဇင်ဘာလထဲမှာ သုံးပွင့်ဆိုင်တွေ့ဆုံသွားမယ်လို့သိရပါတယ်။
“ကိုယ့်အချင်းချင်းကြားမှာ သဘောထားကွဲလွဲမှုရှိတာကို ပြေလည်စေဖို့ အောက်တိုဘာလမှာ ကျွန်တော်တို့သွား ရောက်တွေ့ဆုံခဲ့တာပါ။ ငွေရေးကြေးရေးအဆင်ပြေရင်တော့ လာမယ့်ဒီဇင်ဘာလထဲမှာ သုံးပွင့်ဆိုင်တွေ့ဆုံနိုင်ဖို့ မျှော်လင့်ထားတယ်။ ကျွန်တော်တို့က တစ်ခြားလူတွေမှာမဟုတ်တာပြန်ပြေလည်မယ်လို့ယုံကြည်မှုရှိပါတယ်။” လို့ မတူချင်း ဓမ္မအမှုတော်ဆောင်များမိတ်သဟာယအဖွဲ့ဝင် Pastor Joshua က ပြောပါတယ်။
မြေပြင်မှာတွေ့ဆုံစဉ်အတွင်း နှစ်ဖက်အဖွဲ့အစည်းကနေ သင့်မြတ်ရေး၊ငြိမ်ချမ်းရေးကို လိုလားကြကြောင်း၊ မတူပီအရေးကို မတူပီသူ/သားများသာ ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ့်အကြောင်း၊အပစ်ရပ်စဲရန်နဲ့ ယုံကြည်မှုတည် ဆောက်ရန်လိုလားကြကြောင်း၊ နယ်မြေဒေသခွဲခြားခြင်းမရှိဘဲမူလအတိုင်း One Army၊ One Budget & One Command ဖြင့်ဖွဲ့စည်းရန် လိုချင်ကြတယ်လို့ မတူချင်း ဓမ္မအမှုတော်ဆောင်များမိတ်သဟာယအဖွဲ့ရဲ့ နိုဝင်ဘာ လ ၂၈ ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် အထူးသဖြင့် ပြည်သူလူထုကနေပြီး Social Media မှာသတင်းတု၊သတင်းမှားများမလွှင့်ရန်၊ တစ်ဖက်နဲ့ တစ်ဖက်တိုက်ခိုက်ခြင်း၊ စိတ်ဓာတ်ပြိုကွဲအောင် သွေးခွဲပြောဆိုခြင်း များကိုရပ်တန့်စေရန် တာ;မြစ်စေလိုကြောင်း နဲ့ ကာယကံရှင် တပ်မဟာ ၁ နဲ့ တပ်မဟာ ၂ တို့မှာမထုတ်ပြန်တဲ့သတင်းများဟာ သတင်းတုတွေသာဖြစ်ကြောင်း ဆိုပါတယ်။ မီဇိုရမ်ပြည်နယ်ရောက် မတူပီမြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော်နဲ့ အမှုတော်ဆောင် ဆရာတော် ၆၀ ကျော် ကိုယ်စား အမှုတော်ဆောင် ၉ ပါး ကို ငြိမ်ချမ်းရေးကော်မတီဝင်တွေအဖြစ်ပြီးခဲ့တဲ့ ဇူလိုင် လထဲမှာ ဖွဲ့စည်းခဲ့ကြပါတယ်။
အဆိုပါ ငြိမ်းချမ်းရေးကော်မတီဝင်များကို ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း မြေပြင်ကို စေလွှတ်ခဲ့ ကြခြင်း ဖြစ်ပြီးတော့ နယ်ခြားမှာစစ်ဘေးရှောင်နေတဲ့ မတူပီပြည်သူများအမြန်ဆုံး နေရပ်ပြန်နိုင်ရန်နဲ့ တပ်မဟာ ၁ နဲ့ တပ်မဟာ ၂ တို့ကြား အမြန်ဆုံးသင့်မြတ်ရေးရရှိရန် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ သွားရောက်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
Hits: 0