ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့သိမ်းစစ်ဆင်ရေးတွင် သိမ်းဆည်းရရှိသော စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအမြောက်အမြားကို ချင်းညီနောင်အဖွဲ့က ယနေ့ (ဇူလိုင် ၁) တွင် ထုတ်ပြန်လိုက်သည်။ မတူပီအခြေစိုက်စစ်ဗျူဟာနှင့် ခြေမြန်တပ်ရင်း ခမရ (၃၀၄)၊ ခြေလျင်တပ်ရင်း ခလရ (၁၄၀) တို့ထံမှ သိမ်းဆည်းရရှိခြင်းဖြစ်သည်ဟု ဆိုသည်။

ထုတ်ပြန်ထားသော လက်နက်ခဲယမ်းများတွင် 14.5 ZPU လေယာဉ်ပစ်စက်သေနတ်ကြီးနှစ်လက်၊ ဟောင်ဝစ်ဇာအမြောက်၊ လောင်ချာများ၊ လောင်ချာဗုံးသီးများ၊ အခြားလက်နက်ကြီးလက်နက်ငယ်များနှင့်အတူ ခဲယမ်းမီး ကျောက်အများအပြားကို တွေ့ရှိရသည်။ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်၏ အခြေချစစ်ဗျူဟာ၊ ခြေမြန်နှင့် ခြေလျင်တပ်ရင်းတို့ကို ရက် ၂၀ ကြာ တိုက်ခိုက်ပြီးနောက် မြို့ကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ရရှိသွားခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် ချင်းကောင်စီနှင့် ချင်းညီနောင်ဟူ၍ စစ်ကောင်စီကို တော်လှန်နေသော မဟာမိတ်နှစ်ဖွဲ့ရှိရာ ချင်းပြည်နယ်အခြေစိုက်စစ်ကောင်စီတပ်၏ စစ်ဗျူဟာနှင့် တပ်ရင်းများကို ပထမဆုံးသိမ်းပိုက်နိုင်သူမှာ ချင်းညီနောင်အဖွဲ့ဖြစ်သည်။ ချင်းညီနောင်အဖွဲ့ကို ၂၀၂၃ ဒီဇင်ဘာ ၃၀ တွင် စတင်ဖွဲ့စည်းပြီး ယမန်နေ့ (ဇွန် ၃၀) တွင် ၎င်းတို့အဖွဲ့တည်ထောင်ခြင်း ၆ လပြည့်မြောက်ခဲ့သည်။

အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) ဆိုသည့် အဖွဲ့ ၆ ဖွဲ့ ပါဝင်သည်။ အဖွဲ့တည်ထောင်အပြီး ၆ လအကြာတွင် မင်းတပ်မြို့နယ်ထဲမှ မကွီအိမ်နူး၊ ကန်ပက်လက်မြို့နယ်ထဲမှ ကျင်ဒွေးနှင့် မတူပီမြို့တို့ကို စစ်ကောင်စီလက်ထဲမှ တိုက်ခိုက်သိမ်းယူထားသည်။

ရက်၂၀ ကြာမြင့်သည့် မတူပီမြို့သိမ်းစစ်ဆင်ရေးတွင် ချင်းညီနောင်နှင့်အတူ အာရက္ခတပ်တော် (AA)၊ Yaw Army (YA)၊ ယောကာကွယ်ရေးတပ် (YDF) တို့ မဆုတ်မနစ် ပူးပေါင်းပါဝင်ခဲ့သည်ဟု ဇွန် ၂၉ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ချင်းပြည်နယ်အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ချင်းညီနောင်အဖွဲ့က ပြောသည်။

(မတူပီမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – PDF Zoland)

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed