ချင်းပြည်နယ်၊ တောင်ပိုင်း မတူပီမြို့နယ်အတွင်း လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် CDF-Matupi တပ်မဟာ ၁ နှင့် တပ်မဟာ ၂ ခေါင်းဆောင်များအနေဖြင့် စားပွဲဝိုင်းတွင် အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးကာ ငြိမ်းချမ်းစွာဖြေရှင်းကြရန် မတူပီလက်နက်ကိုင်တပ်ဖွဲ့များအတွက် ရန်ပုံငွေရှာဖွေပေးနေသော CDF-Matupi Fundraising Committee က တိုက်တွန်းတောင်းဆိုလိုက်သည်။

မတူပီမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ CDF-Matupi တပ်မဟာ (၁) နှင့် တပ်မဟာ (၂) အပြင်၊ ၎င်းတို့နှင့် ပတ်သက်သည့် အစုအဖွဲ့အချင်းချင်းကြား သဘောထားကွဲလွဲမှုမှတစ်ဆင့် သွေးထွက်သံယို ပဋိပက္ခ အဆင့်အထိ ဖြစ်ပွါး နေသည်ကို မြင်တွေ့ရသဖြင့် အထူး စိုးရိမ်စိတ်မကောင်း ဖြစ်ရသည်ဟု CDF-Matupi Fundraising Committee က ဇွန်လ ၂၃ ရက်နေ့ကကြေညာချက်ထုတ်ပြန်သည်။

မတူ(Matu)တစ်မျိုးသားလုံး၏ စည်းလုံးညီညွှတ်ရေးကို ဦးထိပ်ထားလျက်၊ လက်ရှိဖြစ်ပွါးနေသော ပဋိပက္ခ များအား CDF-Matupi တပ်မဟာ (၁) နှင့် CDF-Matupi တပ်မဟာ (၂) ၏ ခေါင်းဆောင်များအနေဖြင့် စားပွဲဝိုင်းတွင် (အမြန်ဆုံး) တွေ့ဆုံ ဆွေးနွေးကာ၊ ငြိမ်းချမ်းစွာ ဖြေရှင်းကြလေးလေးနက်နက်တိုက်တွန်းသည်ဟု CDF-Matupi Fundraising Committee ၏ကြေညာချက်တွင်ဖော်ပြထားသည်။

ထို့အပြင် ပြည်တွင်း ပြည်ပရှိ မတူ(Matu)ပြည်သူ လူထုများမှလည်း မတူ(Matu)တစ်မျိုးသားလုံး၏ စည်းလုံးညီညွှတ်မှုကို ထိန်းသိမ်းကြရန်၊ လူမျိုးရေး အမုန်းတရားများ ပြန့်ပွါးခြင်းအား ဦးတည်စေမည့် အရေးအသားများ၊ ပြောဆိုမှုများကို ရှောင်ကြဉ်ပေးကြပါရန် CDF-Matupi Fundraising Committee က မေတ္တာရပ်ခံထားသည်။

CDF-Matupi Fundraising Committee သည် နိုင်ငံတကာရောက် မတူလူငယ်များ စုပေါင်း၍၊ နွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ တိုက်ပွဲဝင်နေကြသော CDF-Matupi အား ရန်ပုံငွေ ရှာဖွေခြင်းဖြင့်၊ တစ်စိုက်မတ်မတ် ပံ့ပိုးကူညီရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြသည်။ မတူ (Matu) တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ဦးထိပ်ထားလျက်၊ စတင်ဖွဲ့စည်းချိန်မှ စ၍ ယနေ့အချိန်ထိ (၂)နှစ်တာ ကာလအတွင်း ရရှိထားသော ရန်ပုံငွေများအား တပ်ရင်းအားလုံးအတွက် ရည်ရွယ်ပြီး CDF-Matupi ဗဟို သို့ တိုက်ရိုက်ပံ့ပိုးလာခဲ့သည်ဟုသိရသည်။

CDF-မတူပီတွင် တပ်မဟာ ၁ နှင့် ၂ ရှိနေပြီး တပ်မဟာ ၁ သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး တပ်မဟာ ၂ သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်သည်။
ဇွန်လ ၉ ရက်နေ့မှစ၍ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့က မတူပီမြို့စစ်ဆင်ရေးကို စတင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၇ ရက်တွင် ခမရ ၃၀၄ တပ်ရင်းကို အပြီးသတ် သိမ်းနိုင်ခဲ့သည်။

ထို့နောက် ကျန်ရှိသော မတူပီမြို့ စစ်ကောင်စီ ဗျူဟာကုန်းနှင့် ခလရ ၁၄၀ တို့ကို သိမ်းယူနိုင်ရေးအတွက် ချင်းလဲန်း ကောင်စီတပ်ဖွဲ့များနှင့် ချင်းညီနောင် တပ်ဖွဲ့တို့ကြား အငြင်းပွားမှုဖြစ်ပွားပြီးနောက် ချင်းလက်နက်ကိုင်အချင်းချင်းကြား ဇွန်လ ၁၈ ရက်နေ့မနက်ပိုင်းကစ၍ နှစ်ဘက် ထိခိုက်သေဆုံးမှုရှိခဲ့သည်အထိ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

ချင်းလဲန်းကောင်စီတပ်ဖွဲ့နှင့် ချင်းညီနောင်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် မတူပီမြို့ပေါ်က ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခလရ ၁၄၀ တပ်ရင်းတို့ကို ယနေ့ချိန်ထိ သိမ်းပိုက်နိုင်ခြင်းမရှိကြကြောင်းသိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed