မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ဓာတ်ပုံများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ယနေ့ (ဇူလိုင် ၆) တွင် သတင်းထုတ်ပြန်သည်။
ရေနံ့သာကျေးရွာသည် မတ္တရာမြို့နယ်၏ မြောက်ဘက် ၆ မိုင်ခန့်အကွာတွင် တည်ရှိပြီး မတ္တရာမြို့တွင်းသို့ ဝင်ရောက်သည့် မန္တလေး-မြစ်ကြီးနားလမ်းပေါ်တွင် တည်ထားသည့်ရွာဖြစ်သည်။ ထိုကျေးရွာရဲစခန်းကို ပြည်သူ့ကာကွယ် ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဇူလိုင် ၄ တွင် တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောထားသည်။

ထုတ်ပြန်ချက်တွင် မတ္တရာမြို့နယ်အတွင်းရှိ စခန်းသာ တပ်စခန်း၊ ကျောက်မဏ္ဍပ် တပ်စခန်း၊ စပါးကျည်တောင် တပ်စခန်း၊ ကျောက်ကြမ်းတောင် တပ်စခန်း၊ ငွေပုထိုး တပ်စခန်း၊ ရှင်မတောင် တပ်စခန်း၊ နဂါးပတ် တပ်စခန်း၊ နွားခြံကုန်း တပ်စခန်း၊ ဝန်တင်ကုန်း တပ်စခန်း၊ လက်သန်းတောင် တပ်စခန်း၊ ခြေတော်ရာ တပ်စခန်း၊ ကိုရင်လေးတောင် တပ်စခန်း၊ ကင်းရွာ တပ်စခန်း၊ ဆည်တော်လမ်းခွဲရှိ တပ်စခန်း၊ ရေနံ့သာ တိုးဂိတ်၊ ရေနံ့သာ ရဲစခန်းနှင့် ပတ်လည်အင်း တပ်စခန်းတို့အပါအဝင် စစ်ကောင်စီတပ်စခန်း စုစုပေါင်း ၂၅ ခုတို့ကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်ဟု MDY-PDF က ဆိုသည်။

စခန်းသိမ်းစစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသည့် ၁၂၀ မမ စိန်ပြောင်း ၁ လက်၊ MA စီးရီး ရိုင်ဖယ်များ၊ G3, BA63 ရိုင်ဖယ်များအပါအဝင် လက်နက်ခဲယမ်းအများအပြားကို ဖော်ပြထားသည်။
မတ္တရာ မြို့နယ်စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နှင့်အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့နှင့် SSTF တပ်ဖွဲ့တို့လည်း ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိသည်ဟု ဆိုသည်။

မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်ကြသည်ဟု ဆိုထားပြီး ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကိုလည်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ ဇွန် ၂၅ ရက်နေ့တွင် တစ်ကျော့ပြန်ထိုးစစ်ဆင်လာသော “၁၀၂၇” စစ်ဆင်ရေး အပိုင်း (၂) ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နှင့် ဒေသအခြေစိုက် PDF တပ်ဖွဲ့များက မန္တလေးတိုင်းအတွင်း ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed