ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကမတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း အပါအဝင် တပ်စခန်း ၈ ခုအားအပြီးသတ်သိမ်းပိုက်ထားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
စခန်းသိမ်းတိုက်ပွဲများမှ လက်နက်မျိုးစုံ (၁၂၅) လက်နှင့် ဆက်စပ်ခဲယမ်းအများအပြားသိမ်းဆည်းရရှိကြောင်း ဓါတ်ပုံနှင့်တကွဖော်ပြထားသည်။ စစ်တပ်စခန်း ၈ ခုသိမ်းပိုက်စဥ် စစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ (၆၄)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားလျက်ရှိသည်။ ထို့အပြင် တပ်မိသာစုဝင်များဖြစ်သည့် အမျိုးသမီး ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း (၁၁၇)ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားလျက်ရှိကြောင်း ဇူလိုင် ၂ ရက်တွင်အသိပေးထုတ်ပြန်သည်။
မန္တလေး PDF သိမ်းပိုက်ထားသောစခန်းများမှာ မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း ၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းများ ဖြစ်သည်။
မန္တလေး PDF က စစ်ကောင်စီတပ်၏ လေကြောင်းရန်ကာကွယ်ရေးတပ်ကို သိမ်းပိုက်နိုင်ကြောင်း ဇွန် ၂၆ ရက်ခန့်ကတည်းကသတင်းထွက်ပေါ်နေသော်လည်း ယခုမှတရားဝင်အတည်ပြုထုတ်ပြန် လိုက်ခြင်းဖြစ်သည်။
“တပ်စခန်းအချို့ ကျန်ဦးမယ်။ ကျွန်တော်တို့ ဆက်လက် ထိုးစစ်ဆင်နေဆဲပါ။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စတင်တဲ့ရက်ကနေ မနေ့ကအထိပါ။ ကျွန်တော်တို့ဘက်ကလည်း ပေးဆပ်မှုအချို့ ရှိခဲ့ပါတယ်”ဟု မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။
မန္တလေး PDF သည် “၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)”နှင့်အတူဟန်ချက်ညီစွာဖြင့် နောင်ချို ၊ မိုးကုတ် ၊ ကျောက်မဲနှင့် မတ္တရာ စစ်မျက်နှာများတွင် စစ်ကောင်စီတပ်စခန်းများကိုတိုက်ခိုက်နေခြင်းဖြစ်သည်။ မတ္တရာမြို့နယ အတွင်း ရှိ စစ်ဆင်ရေးများတွင် မန္တလေးPDF နှင့်အတူ ဒေသခံကာကွယ်ရေးတပ်ဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်းလည်း ထုတ်ပြန်သည်။ “တပ်စခန်းအချို့ ကျန်ဦးမယ်။ ကျွန်တော်တို့ ဆက်လက် ထိုးစစ်ဆင်နေဆဲပါ။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စတင်တဲ့ရက်ကနေ မနေ့ကအထိပါ။ ကျွန်တော်တို့ဘက်ကလည်း ပေးဆပ်မှုအချို့ ရှိခဲ့ပါတယ်။”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။
Hits: 2